တောင်ကိုရီးယား ဆိုးလ်မြို့ ဟောလိုးဝင်းပွဲ လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ကျော်အထိ မြင့်တက်လာ

တောင်ကိုရီးယား ဆိုးလ်မြို့ ဟောလိုးဝင်းပွဲ လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ကျော်အထိ မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ လူစည်ကားရာ ညပွဲလမ်းသဘင် ဧရိယာတစ်ခု၌ ပြုလုပ်သည့် ဟောလိုးဝင်းပွဲတစ်ခုအတွင်း လူအုပ်ပြိုမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူဦးရေသည် ၁၅၁ ဦးအထိ ရှိလာခဲ့သည်။

အဆိုပါ ဖြစ်စဉ်‌ ဖြစ်ပွားမှုအတွက် တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယောက အောက်တိုဘာ ၃၀ ရက်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ ကြေညာခဲ့သည်။

ဟောလိုးဝင်းပွဲ လူအုပ်ပြိုမှုအတွင်း သေဆုံးသူများထဲတွင် အများစုသည် ဆယ်ကျော်သက်များနှင့် အသက် ၂၀ ဝန်းကျင် လူငယ်များ ဖြစ်ပြီး သေဆုံးသူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်း သမ္မတ ယွန်းက ပြောသည်။ ထို့ပြင် ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်သက်သာစေရေး ၎င်းက ဆုတောင်းခဲ့သည်။

“ဒါဟာ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ပဲ” ဟု ယွန်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ “မဖြစ်သင့်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခုဟာ မနေ့ညက ဆိုးလ်မြို့လယ်မှာ ဖြစ်သွားခဲ့တယ်” ဟု ၎င်းက ပြောသည်။

နာမည်ကျော် အီထယ်ဝန်း ရပ်ကွက်ဧရိယာတွင် ပျော်ပွဲဆင်နွှဲသော လူအုပ်ကြီးတစ်စုက အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် လမ်းကြားတစ်ခုထဲ တရဟောတိုးသလိုဖြစ်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက ပြောသည်။ သေဆုံးသူဦးရေ ထပ်မံမြင့်တက်နိုင်သေးကြောင်း ၎င်းတို့က ပြောသည်။

နိုင်ငံခြားသား ၁၉ ဦး အပါအဝင် လူ ၁၅၁ ဦး သေဆုံးကြောင်း ယောင်ဆန်း မီးသတ်ဌာန အကြီးအကဲ ချွိုင် ဆန်ဘွန်းမ်က ပြောသည်။ လူ ၈၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁၉ ဦးသည် အခြေအနေ စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ယင်းသည် တောင်ကိုရီးယားတွင် COVID-19 စည်းမျဉ်းကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် သုံးနှစ်အတွင်း ဆိုးလ်တွင် ပထမဆုံး ကျင်းပသည့် ဟောလိုးဝင်းပွဲလည်း ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲ တက်သူအများစုသည် မျက်နှာဖုံးများနှင့် ဟောလိုးဝင်း ဝတ်စုံများ ဝတ်ထားခဲ့ကြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly