မြန်မာနိုင်ငံက ဘဏ္ဍာရေးနှင့် နိုင်ငံရေး အထီးကျန်မှုဆီ နစ်ဝင်နေဟု ပညာရှင်များ သတိပေး 

မြန်မာနိုင်ငံက ဘဏ္ဍာရေးနှင့် နိုင်ငံရေး အထီးကျန်မှုဆီ နစ်ဝင်နေဟု ပညာရှင်များ သတိပေး 

October 29

မြန်မာနိုင်ငံ၏ ရပ်တန့်နေသော ငြိမ်းချမ်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး အာဆီယံက စည်းဝေးခဲ့သည့်နောက်တွင် နိုင်ငံ၏ စစ်ခေါင်းဆောင်များက အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပြည်တွင်းရေးကို မစွက်ဖက်ရန် ပြောဆိုလာရာ ပညာရှင်များက မြန်မာနိုင်ငံသည် ဘဏ္ဍာရေးနှင့် နိုင်ငံရေး အထီးကျန်မှုဆီ နစ်ဝင်နေပြီဟု သတိပေးလာသည်။ 

စစ်အာဏာသိမ်းအုပ်စုက ၎င်းတို့၏ ကတိကဝတ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်အတူ ရှေ့ဆက်ဖော်ဆောင်ရေးတို့၌ တွန့်ဆုတ်လျက်ရှိသည်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများက သည်းခံစိတ် ကုန်ခန်းလာပြီဟု တွဲဖက်ပါမောက္ခ ဆိုင်မွန် တေးက CNA ၏ Asia First အစီအစဉ်သို့ သောကြာနေ့က ပြောသည်။ 

“တစ်ဖက်က အပြုသဘော ဖော်ဆောင်မှုအချို့ ရှိတယ်ဆို ကျန်တစ်ဖက်က သည်းခံလိမ့်မယ်လို့ ကျွန်တော် ထင်တယ်၊ ဒီအစား မြန်မာနိုင်ငံအတွင်းမှာ စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်ထွန်းဖို့ စစ်မှန်တဲ့ အားထုတ်မှုတွေအစား မတည်မငြိမ် ပိုပြီး ဖြစ်လာတာကိုပဲ ကျွန်တော်တို့ မြင်နေရတယ်”ဟု ပညာရှင်အဖွဲ့တစ်ရပ်ဖြစ်သည့် Singapore Institute of International Affairs ၏ ဥက္ကဋ္ဌဖြစ်သည့် တွဲဖက်ပါမောက္ခ တေးက ပြောသည်။ 

“အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်၊ အကျဘက်ဆီ ပြိုဆင်းနေတယ်၊ ဒါကြောင့် ကြီးမားတဲ့ စီးပွားရေး သက်ရောက်မှုတွေ ရှိလာနေပါတယ်၊ နိုင်ငံဟာ ဘဏ္ဍာရေးနဲ့ နိုင်ငံရေး အထီးကျန်မှုဆီ ဆင်းနေတာပဲ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

မြန်မာအရေးနှင့် ပတ်သက်ကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာ ၂၇ ရက်၌ ဂျကာတာတွင် အထူးအစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ သိသာသော ဖြစ်ထွန်းမှုများ ကင်းမဲ့ခြင်းနှင့် ပတ်သက်ကာ စိုးရိမ်ပူပန်သကဲ့သို့ စိတ်ပျက်ရကြောင်း ဖော်ပြခဲ့ကြသည်။ 

သို့ရာတွင် နိုင်ငံတွင်းက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် လက်ရှိ၌ “ပို၍ စိတ်ပိုင်းဖြတ်ထားပြီ” ဟု ယင်းအဖွဲ့က ပြော သည်။ 

ဆွေးနွေးမှုအတွင်း အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက မြန်မာနိုင်ငံ၏ အခြေအနေသည် “ယိုယွင်းဆိုးဝါးလာကြောင်း” ဖော်ပြပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယမန်နှစ် ဧပြီလအတွင်းက သဘောတူခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်သည့် ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရေးတွင် အချိန်သတ်မှတ် အရေးယူဖော်ဆောင်မှု လိုအပ်သည်ဟု အလေးအနက်ထား ပြောခဲ့သည်။ 

ယင်းကို တုံ့ပြန်ရာ၌ မြန်မာစစ်အာဏာသိမ်းအုပ်စုက ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေး၌ ထပ်တိုး ဖိအားများ ပေးမည်ဆိုပါက အနုတ်သဘော သက်ရောက်မှုများသာ ဖြစ်လာမည်ဟု သတိပေးသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required