လိင်ဖျော်ဖြေရေး အရုပ်မများကို မယ်တော်၂ပါးအသွင် အသက်သွင်းကိုးကွယ်မှု လုပ်ရပ်သည် သာသနာကို စော်ကားခြင်းဖြစ်ဟု ဝေဖန်မိန့်ကြား

လိင်ဖျော်ဖြေရေး အရုပ်မများကို မယ်တော်၂ပါးအသွင် အသက်သွင်းကိုးကွယ်မှု လုပ်ရပ်သည် သာသနာကို စော်ကားခြင်းဖြစ်ဟု ဝေဖန်မိန့်ကြား

အောက်တိုဘာလ ၂၂ ရက်

လိင်ဖျော်ဖြေရေး ဆီလီကွန် အရုပ်မ (Sex doll) နှစ်ခုကို အရိယာမယ်တော် နှစ်ပါးအသွင် အသက်သွင်းကိုးကွယ်မှု လုပ်ရပ်သည် သာသနာတော်ကို စော်ကားခြင်းဖြစ်သည်ဟု ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် သိင်္ဂုတ္တရကုန်းတော် နေရာတစ်ခုတွင် လိင်ဖျော်ဖြေရေး(Sex doll)အရုပ်မနှစ်ခုကို အင်းဝိဇ္ဇာဓိုရ်ဟု ခံယူထားသူက ရင်ငွေ့လှုံအသက်သွင်းသည်ဆိုကာ ၎င်းကိုယ်တိုင် လူထုကြားတွင် ပွဲများပေး၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ " ဒီလို သောတာပန်တွေကို နာမည်တပ်လုပ်နေတာဟာ သာသနာကို ခုတုံးလုပ်နေခြင်းဖြစ်တယ်"ဟု ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။

မယ်တော် နှစ်ပါးအသွင် လုပ်ဆောင်ထားသည့် အရုပ်မနှစ်ခုသည် လိင်ဖျော်ဖြေရေး အရုပ်မ ဖြစ်သည်ကို လူတိုင်းကသိရှိပြီးဖြစ်သလို ရွှေတိဂုံစေတီတော်ဆိုသည်မှာလည်း ကမ္ဘာ့လှည့်ခရီးသွားများ သိသည့်နေရာဖြစ်သည့်အတွက် ယင်းကိစ္စရပ်အပေါ်စိုးရိမ် မိကြောင်း ဆရာတော်ကမိန့်ကြား သည်။

" မြန်မာတွေဟာ ဒီလိုလိင်ဖျော်ဖြေရေး အရုပ်ကိုထိုင်ကန်တော့တဲ့ သူမျိုးလားဆိုရင် တကယ် ရှက်ဖွယ်လိလိဖြစ်တာပေါ့"ဟု ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က ဆိုသည်။

ယခုကဲ့သို့ဖြစ်ရပ်သည် ရွှေတိဂုံဘုရားဂေါပကအဖွဲ့အပါအဝင် ရွှေတိဂုံဘုရားရှိ သြဝါရ စရိယဆရာတော်ကြီးများအပါအဝင် သာသနာအရေးနှင့် ဆက်နွှယ်နေသည့်ဌာနများ အားလုံးတွင်တာဝန်ရှိသည်ဟု ဆရာတော်မင်းပုညက ဆက်လက်မိန့်ကြားသည်။

" ဒီကိစ္စက တော်တော်ကြီးကိုရုပ်ပျက် ဆင်းပျက်နိုင်တဲ့ကိစ္စပေါ့နော်။ ပြောရမယ်ဆိုရင် တရုတ်ကလိင်ဖျော်ဖြေရေးအရုပ်တွေကို အရိယာသောတာပန် တွေအမည်တပ်ပြီးတော့ ပူဇော်ပွဲလုပ်နေတာဟာ သာသနာတော်ကို စော်ကားတာပဲ။ တာဝန်ရှိတဲ့ သံဃနာယက တွေ၊ သာသနာရေးဌာနတွေက လုံးဝကိုတားမြစ်ရမှာဖြစ်တယ်။ မတားမြစ်ဘဲနဲ့ ရွှေတိဂုံ ဘုရားကြီးပေါ်မှာ အားလုံးရဲ့အထွဋ်အမြတ်ထားရာ နေရာကြီးကို အရုပ်တွေ ပူဇော်ပွဲ လုပ်တယ်ဆိုတာ မသင့်တော်ဘူး။ ဥူးဇင်းတို့ပြောချင်တာက ဒါဟာ သာသနာ တစ်ခုလုံး ကိုစော်ကားတဲ့လုပ်ရပ်ဖြစ်တယ်"ဟု ဆရာတော်က ဆိုသည်။

ထိုသို့ တရုတ်နိုင်ငံထုတ် ဆီလီကွန်အရုပ်မနှစ်ခုကို အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီးနှင့် သီရိဒေဝီမယ်တော်ကြီးနှစ်ပါးအသွင် အသက်သွင်းသည်ဆိုကာ ကိုးကွယ်သည့်လုပ်ရပ်အပေါ် ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူများကြားတွင် ဝေဖန်ရှုတ်ချမှုများ မြင့်တက်လျက်ရှိသည်။

" Sex doll ကို ရွှေတိဂုံအထိ သယ်သွားပြီး ဘာမယ်တော် ညာမယ်တော်တွေ နာမည်ပေးပြီး သာသနာဖျက်နေပြီနော်။ မယ်သီလရှင်တွေ ဘုန်းကြီးတွေပါ ထိုင်ကန်တော့နေတာ။ အစကတော့ ရယ်စရာပဲ။ ခုက သာသနာညှိုးနွမ်းစေတာ။ ဂေါပကတွေ ကလည်း ထဘီလေး နည်းနည်းတိုရင်တော့ ထပြောပြီး ခုကျ ကြည့်ကောင်း ကောင်းနဲ့ကြည့်နေတယ်။ တို့က ဘာသာခြားနော် ၊ ဘာသာခြားတောင် ဒီလိုလုပ်တာကို မကြိုက်ဘူး။ သူ့ဟာသူ ဂိုဏ်းနဲ့ရူးတာကိစ္စမရှိဘူး။ ဒီလောက် ဝိုင်းဟားနေတာကို ဘာအရုပ်လည်း သိရဲ့နဲ့ ဒီနေ့ ရွှေတိဂုံ အထိကိုယူသွားပြီး မျက်နှာပြောင်တိုက်ပြတာ ဟာ ဘာအထာလည်း ဆိုတာသိကြတော့" ဟု Facebook လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် အဆိုပါအရုပ်မနှစ်ခုနှင့်ပတ်သက်၍ ပြည်သူတစ်ဦးက ဝေဖန်ရှုတ်ချ ထားသည်ကိုတွေ့ရသည်။

အင်းဝိဇ္ဇာဓိုရ်ဆိုသူက ယင်းအရုပ်မ နှစ်ခုကို အမေရိကန်ဒေါ်လာ ၂၄၀၀ ဖြင့် တရုတ်နိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်ပြီး နန်းဝတ်နန်းစားသဏ္ဍန် အဝတ်များဝတ်ဆင်စေ၍ ကိုးကွယ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အင်းဝိဇ္ဇာဓိုရ်ဆိုသူသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီဂိုဏ်ချုပ်ကြီး” အမည်ဖြင့် Live လွှင့်ပြောဆိုခြင်း၊ အရုပ်မနှစ်ရုပ်မှာယူခဲ့ပုံနှင့် ရင်ငွေလှုံအသက်သွင်းပွဲပြုလုပ်မည့် အစီအစဉ်များအား ရေးသား ဖော်ပြခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ယနေ့နံနက်ပိုင်းက ဗုဒ္ဓဘာသာလူမျိုးတို့ အလေးအမြတ်ထားရာ ရွှေတိဂုံစေတီတော်ရှိ အဆိုပါ အရုပ်မနှစ်ခု ရင်ငွေ့လှုံအသက်သွင်းပွဲဆိုသည့် နေရာတွင် လူပုဂ္ဂိုလ်အချို့ ကန်တော့နေသည်ကို တွေ့ရှိရသည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ယင်းကိစ္စအတွက် ဘာသာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံက ပြစ်တင်ရှုတ်ချနေကြသကဲ့သို့ လှောင်ပြောင်စရာလုပ်ရပ်အဖြစ် ပြောဆိုဝေဖန်နေမှုများလည်းရှိနေသည်။

ယခုနောက်ဆုံးရရှိထားသည့် သတင်းများအရ အဆိုပါ အင်းဝိဇ္ဇာဓိုရ်ဆိုသူအား ရန်ကုန်မြို့ ဗဟန်းရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရပြီး မဇ္ဈိမမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly