ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင် ၅ ဦး ဖမ်းဆီးခံရ

ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင် ၅ ဦး ဖမ်းဆီးခံရ

October 21

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ငါးဦးထက်မနည်းအား စစ်တပ်နှင့်ရဲများက ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ နံနက်အစောပိုင်းက စတင်ပြီး ဖမ်းဆီးထားကြောင်းသိရသည်။

၎င်းတို့အား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် Linn Nay ဆိုသည့် ချန်နယ်မှ PDF များအား ထောက်ပံ့သည်ဆိုသော အကြောင်းပြချက်ဖြင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် လူစာရင်းများအား တင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ငါး ဦးမှ အမျိုးသား နှစ်ဦးအား စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး အမျိုးသမီး သုံး ဦးအား ကျိုက်ထိုမြို့နယ်ရဲစခန်းတွင် ချုပ်ထားကြောင်း သိရသည်။

"တယ်လီဂရမ်ကနေ တွေ့ပြီး လာဖမ်းတာ

ကံ့ကော်ရပ်ကွက်၊ မြတ် ဆန်ဆိုင်က အစ်ကိုနဲ့အစ်မပါသွားတယ် တခြားသုံးဦးကိုလည်း လာထပ်ဖမ်းသွားတယ်။ အဓိက PDF ကိုထောက်ပံ့လို့ဆိုပြီးဖမ်းတာပဲ" ဟု ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

"မနှစ်တုန်းကလဲ PDF ကိုထောက်ပို့လို့ဆိုပြီး ဖမ်းတာတွေရှိတယ်။ ပြီးရင် ပိုက်ဆံပေးမှ ပြန်လွတ်တာ။

နေထက်သိန်းနိုင်ဆို သိန်း ၁၀၀၀ နဲ့ ပြန်လွတ်လာတာ" ဟု အခြားမြို့ခံတစ်ဦးက ဆိုသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း၌

စီးပွားရေးလုပ်ငန်းရှင်များအား PDF များနှင့်

အဆက်အသွယ်ရှိသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးချုပ်နှောင်မှုများရှိပြီး ပြန်လွတ်ရန်

ငွေနှင့် ညှိခိုင်းကြောင်း အများဆုံး မြန်မာငွေ ကျပ်သိန်း ၁,၀၀၀ အထိ ပေးရကြောင်း မြို့ခံလုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့်ဆက်နွှယ်သူတစ်ဦးက ပြောဆိုသည်။

၂၀၂၁ ခုနှစ်အတွင်းက ဦးမြသိမ်း ဖုန်းဆိုင်မှ ဦးလင်းထွဋ်၊ ဇွဲရတနာရွှေဆိုင် ပိုင်ရှင် ဦးမင်းဇော်၊ First ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်၊ ကျိုက်ထိုလူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုးသီဟ၊ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး၊ လျှစ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦး တို့အား ဖမ်းဆီးပြီး အနည်းဆုံး ကျပ်သိန်း ၃၀၀ ပေးမှ ပြန်လွှတ်ကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ထဲတွင် ဧည့်စာရင်းစစ်ခြင်း၊ လူငယ်များအား ဖမ်းဆီးခြင်း ၊ ဈေးဆိုင်များအား ဖျက်ဆီးခြင်း၊

စီးပွားရေးလုပ်ငန်းရှင်များအား ဖမ်းဆီးခြင်း စသည်တို့ကို မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima

#ကျိုက်ထိုမြို့

#လုပ်ငန်းရှင် ငါးဦး ဖမ်းဆီးခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly