ရုရှက Facebook ၏ မိခင်ကုမ္ပဏီ Meta ကို ‘အကြမ်းဖက်၊ အစွန်းရောက် အဖွဲ့အစည်းများ’ စာရင်းတွင် ထည့်သွင်း

ရုရှက Facebook ၏ မိခင်ကုမ္ပဏီ Meta ကို ‘အကြမ်းဖက်၊ အစွန်းရောက် အဖွဲ့အစည်းများ’ စာရင်းတွင် ထည့်သွင်း

October 12

ရုရှ၏ ငွေရေးကြေးရေး စောင့်ကြည့်မှု အေဂျင်စီ Rosfinmonitoring သည် အမေရိကန် နည်းပညာကုမ္ပဏီကြီး Meta Platforms Inc. ကို “အကြမ်းဖက်သမားများနှင့် အစွန်းရောက်ဝါဒီများ” စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ရုရှသတင်းအေဂျင်စီများက အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြသည်။

Facebook ၊ Instagram နှင့် WhatsApp တို့၏ ပိုင်ရှင်ဖြစ်သည့် Meta သည် မတ်လက ရုရှ၌ “အစွန်းရောက် လုပ်ရပ်” ကျူးလွန်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိဟု မော်စကို တရားရုံးတစ်ခုက ထုတ်ပြန်ခဲ့သလို Meta ၏ အယူခံတစ်ရပ်ကိုလည်း ဇွန်လက ပယ်ချခဲ့သည်။

Meta အနေဖြင့် မည်သည့် အစွန်းရောက် လုပ်ဆောင်ချက်ကိုမှ လုပ်ဆောင်ခဲ့ခြင်း မရှိသလို ရုရှမုန်းတီးရေးဝါဒကိုလည်း ဆန့်ကျင်ခဲ့သည်ဟု တရားရုံးတွင် Meta ၏ ရှေ့နေက ပြောခဲ့သည်။

ရုရှ၌ ယခုကဲ့သို့ စာရင်းထည့်သွင်းခံရခြင်းနှင့်ပတ်သက်ပြီး Meta က မှတ်ချက်ပေးခြင်း မရှိသေးပေ။

အစွန်းရောက် လုပ်ရပ်များ သို့မဟုတ် အကြမ်းဖက်ဝါဒတွင် ပါဝင်ပတ်သက်မှု ရှိသည် ဆိုသည့် “အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ” ကို Rosfinmonitoring က ယင်း၏ စာရင်းတွင် ထည့်သွင်းသည်။

ရုရှအာဏာပိုင်တို့သည် နိုင်ငံတွင် Facebook နှင့် Instagram တို့ အသုံးပြုခြင်းအပေါ် ကန့်သတ်ထားခဲ့သော်လည်း အသုံးပြုသူအများအပြားသည် VPN ဖြင့် ယင်းအက်ပလီကေးရှင်းများကို အသုံးပြုနေကြဆဲဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly