ရုံးပစ္စည်းတွေကို ခိုးထုတ်ရောင်းစားနေကြတဲ့ သာကေတမြို့နယ် MOGE သယ်ပို့စက်ပြင်ဌာန(အယ်ဒီတာ့ထံ ပေးစာ)

ရုံးပစ္စည်းတွေကို ခိုးထုတ်ရောင်းစားနေကြတဲ့ သာကေတမြို့နယ် MOGE သယ်ပို့စက်ပြင်ဌာန(အယ်ဒီတာ့ထံ ပေးစာ)

OCTOBER 11

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က MOGE သယ်ပို့စက်ပြင်ဌာနက ရာထူးအသင့်အတင့်ရှိတဲ့ ဝန်ထမ်းသုံးလေးယောက်က အထက်အရာရှိတွေနဲ့ပေါင်းပြီး ဆီတွေခိုးထုတ်တာ၊ ရုံးပစ္စည်းတွေကို ခိုးထုတ်ရောင်းစားနေကြတာ ကာလအတန်ကြာအောင် ရှိနေပါပြီ။

ဆီဈေး‌တွေ မတက်ခင်ကလည်း စက်သုံးဆီတွေကို စုဆောင်းပြီး ဈေးတက်လာချိန်မှာ ထုတ်ရောင်းနေတာတွေလည်း ရှိပါတယ်။

MOGEရေနံမြေ သာကေတမှာရှိတဲ့ ဌာနတွေထဲက သယ်ပို့စက်ပြင်ဌာနနဲ့၊စက်မှုသင်္ဘောကျင်း ဌာနတွေက သံကြိုးတွေ ၊ဝါယာကြိုးတွေ၊သံတိုသံစတွေပါမကျန် ရုံးပစ္စည်းတွေကို ကားနဲ့တင်ပြီး သယ်ထုတ်တာ ၊စက်ဘီးနဲ့တင်ပြီး သယ်ထုတ်တာတွေ ပြုလုပ်နေကြပါတယ်။

ဒီလိုသယ်ထုတ်တဲ့နေရာမှာ လုံခြုံရေးအရာရှိ ဂိတ်ပေါက်ကနေ ဖြတ်ပြီး‌တော့ သယ်ထုတ်ရတာဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူကြီးတွေနဲ့ပေါင်းပြီး စက်သုံးဆီလက်ခံရာဒိုင်တွေနဲ့ သံတိုသံစ ဝယ်ယူတဲ့နေရာတွေကို ရောင်းစားနေကြတာ ဖြစ်ပါတယ်။

ခိုးထုတ်တဲ့ စက်သုံးဆီ ၊ သံကြိုး၊ သံတိုသံစ ၊ ရုံးပစ္စည်းတွေဟာ သိန်း ၅၀၀ နဲ့အထက် တန်တယ်လို့ ခန့်မှန်းရပါတယ်။

အဓိက လုပ်ရတာက MOGE ရေနံမြေဆိုတာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းစဥ်တွေထဲက ကမ်းလွန်ရေနံတူးဖော်တာတွေ ၊ ကုန်းတွင်းရေနံတူးဖော်တာတွေ စက်ပစ္စည်းတွေ ၊ လူအင်အားတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ ရေနံမြေဒေသတွေကို Supply Base အနေနဲ့ ထောက်ပံ့ပေးရတဲ့ ဌာနကြီးတစ်ခုဖြစ်ပါတယ် ။

MOGE Tharketa Offshore Supply Base ပါ။

ဒီလိုခိုးထုတ်နေတာဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရေနံမြေဒေသတွေကို အမှန်တကယ်ဖြန့်ဝေပေးရမယ့် ဌာနဆိုင်ရာပိုင်ပစ္စည်းတွေကို ဌာနအတွက်အသုံးပြုရမယ့် အထဲကနေ မိမိကိုယ်ကျိုးအတွက် ခိုးယူထုတ်စားတဲ့ မတရားလုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

ဌာနအတွက် အမှန်တကယ်သုံးစွဲရမည့် အချိန်မှာ လုပ်ငန်းအတွက် အပြည့်အဝသုံးစွဲခြင်း မရှိတဲ့ လုပ်ရပ်တွေကြောင့် လုပ်ငန်းပိုင်းဆိုင်ရာမှာ နှောင့်နှေးကြန့်ကြာပြီး လုပ်ငန်းဖြစ်မြောက်ပြီးစီးခြင်းမရှိတဲ့အပြင် အလုပ်ကို အလုပ်နဲ့တူတန်အောင် လုပ်နေသူတွေဘက်ကို ဖိနှိပ်တာ နိုင်ထက်စီးနင်းပြောဆိုခိုင်းတာတွေ လုပ်နေတာဖြစ်ပါတယ်။

ထောက်ပံ့ပေးရမည့် ရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေကို မရရှိလို့ အလုပ်မပြီးမြောက်တဲ့အခါ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ဖိနှိပ်ပြောဆိုတာ၊နယ်ဘက်ကိုလွှတ်တာ ၊အလုပ်ထုတ်တာတွေကို ဝန်ထမ်းချင်းအတူတူ ထိခိုက်နစ်နာစွာ ခံစားကြရပါတယ်။

ခိုးထုတ်တဲ့ပစ္စည်းတွေက စက်သုံးဆီဆိုလျှင် ဝန်ထမ်းကြိုပို့ဖယ်ရီတွေ၊ တစ်ပတ် နှစ်ခါ ရေနံမြေဒေသကို စက်ပစ္စည်းပို့ သွားရသည့်ကားတွေ၊ ရေနံမြေဒေသတွေမှာရှိတဲ့စက်တွေ ပြုပြင်ဖို့သွားတဲ့ မော်တော်ယာဉ်တွေမှာသုံးပြီး တခြားပစ္စည်းတွေဆိုရင်လည်း ကရိန်းယာဉ်ကြီးတွေ၊ ဌာနမှာသုံးတဲ့ မော်တော်ကားတွေ ပြုပြင်ရာမှာ အသုံးပြုရပါတယ်။ သယ်ပို့စက်ပြင်ဌာနက အဓိကဆောင်ရွက်ရတာ ဖြစ်ပါတယ်။

သံတိုသံစ ၊ဝါယာရိန်း ၊ သံကြိုးတွေကို သင်္ဘောတွေ ဒေါက်တင် ဒေါက်ချ လုပ်တာ၊ ပြုပြင်ထိန်းသိမ်းတာ ၊ အလုပ်ရုံစက်ရုံတွေ အသစ်တည်ဆောက်တာ၊ ဟောင်းနွမ်းနေတဲ့ အဆောက်အဦတွေက်ိုဖြိုချတာ၊ ရေသန့်ကန်တွေ ပြုပြင်ထိန်းသိမ်းတာ၊ ဝန်ထမ်းအိမ်ယာတွေကို တစ်နေ့တစ်ကြိမ် ရေပေးဝေရာမှာ ရေလှောင်ကန်ကြီးတွေကနေ ရေကိုသွယ်တန်း ဆက်သွယ်ရာမှာ ပိုက်တွေသုံးတာ၊ တွဲကားတွေနဲ့ ရေနံတူးဖော်ရာမှာ အသုံးပြုရမည့် သံပိုက်လုံးတွေကို ရေနံမြေဒေသတွေကို ပေးပို့ရတာ စတဲ့ လုပ်ငန်းတွေမှာ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို ခိုးထုတ်ရောင်းစားနေကြတာပဲ ဖြစ်ပါတယ်။

ဌာနပိုင်ပစ္စည်းတွေကို တရားမဝင်ခိုးရောင်းစားနေတဲ့ သက်ဆိုင်ရာဌာန အကြီးအကဲတွေပါ အလိုတူအလိုပါ ပေါင်းပြီး တာဝန်ယူမှုမရှိ အရေးယူမှုမရှိလို့ နာမည်ကြီးနေတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုအစဥ်အဆက် သက်ဆိုင်ရာမည်သည့် အုပ်ချုပ်သူအဆင့်ဆင့်လူကြီးတွေကမှ အရေးယူဆောင်ရွက်ခြင်းမရှိတဲ့ အခြေအနေကို မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာ အစီအစဉ်ကတစ်ဆင့် အများပြည်သူသိရှိနိုင်ရေး ရေးသားပေးပို့လိုက်ရပါတယ်။

ပြည်သူတစ်ဦး

#အယ်ဒီတာထံပေးစာ

#ရန်ကုန်တိုင်း

#သာကေတမြို့နယ်

#MOGEသယ်ပို့စက်ပြင်ဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly