ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်၊ ၃ ဦးသေ 

ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်၊ ၃ ဦးသေ 

မဇ္စျိမ ။        ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၁၆ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးသွားကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို  ကင်းထောက်တပ်ဖွဲ့၊ Drone တပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ ပြောက်ကျားတပ်ဖွဲ့များဖြင့်  စနစ်တကျ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖွဲ့များက  ဘက်ပေါင်းစုံမှ ဖိအားပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။  

ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းများ ရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

သို့သော် ကာကွယ်ရေးဘက်က လက်နက်ကြီးတပ်ဖွဲ့၏ ပစ်ကူပေးခြင်းများကြောင့် ပြောက်ကျားတပ်ဖွဲ့များက ကျေးရွာအနီးဝန်းကျင်အထိ တက်ရောက်ကာ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တ်ိုက်ခိုက်မှုများ  ပြုလုပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။ 

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အင်ပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲဝင် သုံးဦးသေဆုံးခဲ့ကာ  လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ကို အတွင်းသတင်းအရ သိရကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။  

ယင်းသို့ အထိနာခဲ့သည့် စစ်ကောင်စီတပ်က အင်ပင်ကျေးရွာအတွင်း စစ်ကူများ ထပ်မံဖြည့်တင်းလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ  ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊တစ်ဦးသေဆုံးကြောင်း ကြားသိရသည့်အတွက်  တော်လှန်ရေးတပ်ဖွဲများအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း  ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။ 

မည်သူ့ကြောင့် ထိခိုက်သေဆုံးသည်ဖြစ်စေ ပြည်သူလူထုအပေါ် အပြည့်အ၀ ကာကွယ်မှုမပေးနိုင်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ဖြစ်စဉ်များအတွက် တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုဖြစ်စဉ်များကို အသေးစိတ်သိရှိနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်မှုရရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။ 

အဆိုပါ တိုက်ခိုက်မှုကို Pakokku Ranger၊ Rso (Pku)၊ Thakhin Mya(လ/နကြီးတပ်ဖွဲ့)၊ Black Cobra Force၊ ThuRain (TR-တပ်ခွဲ)၊ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)(၂)၊ King Cobra၊ Urban Underground Revolution Force(UURF)၊ Yesagyo Revolution Group (YRG)၊ M.R.G.F (လ/န ကြီးတပ်ဖွဲ့)၊ အောင်သပြေ (PDF)၊ King Fighter၊ Royal Defence Force (RDF)၊ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PPDF)နှင့်  ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Young Force) တို့ မဟာမိတ်တပ်ဖွဲ့များ အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ အောင်ကျော်ဖြိုး

#မကွေးတိုင်း
#ပခုက္ကူမြို့
#စစ်ကောင်စီတပ် 
#ကာကွယ်ရေးတပ်ဖွဲ့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required