မန္တလေးမြို့က တပ်သိမ်းမြေနေရာ ၃ ခုကို စတင်ရောင်းချသည့် နာရီပိုင်းအတွင်း ဒေါ်လာ ၉ သန်းနီးပါးဖိုး ရောင်းချရဟု EoD သတင်းထုတ်ပြန်

မန္တလေးမြို့က တပ်သိမ်းမြေနေရာ ၃ ခုကို စတင်ရောင်းချသည့် နာရီပိုင်းအတွင်း ဒေါ်လာ ၉ သန်းနီးပါးဖိုး ရောင်းချရဟု EoD သတင်းထုတ်ပြန်

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးမြို့ရှိ တပ်သိမ်းမြေနေရာများကို အမျိုးသားညီညွတ်ရေးအစိုးရက အိမ်ရာစီမံကိန်းအဖြစ် အကွက်ရိုက်ရောင်းချသည့် အစီအစဉ်တွင် စတင်ရောင်းချသည့် နာရီပိုင်းအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၉,၀၀၀,၀၀၀(ကိုးသန်း)နီးပါး ရောင်းချခဲ့ရကြောင်း NUG ၏ The End of Dictatorship (EoD) သတင်းထုတ်ပြန်ချက်အရ သိရသည်။

“Spring Mandalay Investment မြေကွက်တွေကို ခြိမ့်ခြိမ့်သဲသဲ၀ယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူအပေါင်းရဲ့ တော်လှန်ရေးအပေါ်ထားတဲ့ယုံကြည်စိတ်၊ ရဲဝံ့စိတ်နဲ့သစ္စာတရားဟာ တကယ့်ကိုအံ့မခန်းပါပဲ။ အခု စတင်ရောင်းချတဲ့နေ့ ပထမ ၁၀နာရီအတွင်းမှာ ဒေါ်လာ ရှစ် ဒသမ ရှစ်သန်းဖိုးရောင်းချထားရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NUG သည် နွေဦးတော်လှန်ရေး ရင်းနှီးမြှုပ်မှု(Spring Mandalay Investment) အဖြစ် မန္တလေးမြို့တွင် စစ်တပ်သိမ်းထားသည့်မြေနေရာသုံးခုကို အကွက်ရိုက်ရောင်းချရန် စီစဉ်ခဲ့သည်။

ရောင်းချသွားမည့်မြေနေရာများအား နွေဦးနှင်းဆီ ၊နွေဦးတောင်ရိပ်ညို နှင့် နွေဦးရောင်စဉ်ဟူ၍ သတ်မှတ်ထားသည်ဟု သိရသည်။

နွေဦးနှင်းဆီစီမံကိန်းသည် မဟာအောင်မြေမြို့နယ် အောင်ဆန်းစုကြည်လမ်း(၃၈ လမ်းအသစ်)တောင်ဘက်ရှိ စစ်တပ်သိမ်းယူထားသောမြေနေရာဖြစ်ပြီး မန္တလေးမြို့၏အချက်အချာနေရာဖြစ်သည်ဟု သိရသည်။

နွေဦးတောင်ရိပ်ညိုစီမံကိန်းသည် အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိစစ်တပ်သိမ်းယူထားသောမြေနေရာဖြစ်ပြီး မန္တလေးကျုံးမြို့ရိုးနှင့် သမိုင်း၀င်အထင်ကရ နေရာများ၀န်းကျင်တွင် တည်ရှိသည်ဟု သိရသည်။

နွေဦးရောင်စဉ်စီမံံကိန်းသည် ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် စစ်တပ်သိမ်း ယူထားသောမြေနေရာဖြစ်သည်ဟု သိရသည်။

၎င်းစီမံကိန်းမြေနေရာများအား အမေရိကန်ဒေါ်လာဖြင့်ရောင်းချသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း သတ်မှတ် စျေးနှုန်း၏လေးဆယ်ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျန်ငွေကို တော်လှန်ရေးအောင်မြင်ပြီးနောက် စီမံကိန်းများ စတင်အကောင်အထည်ဖော်ချိန်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း EoD က ကြေညာထားသည်။

အဆိုပါမြေနေရာများသည် ရောင်းချမည့်ရက်မတိုင်ခင်ကလည်း ၀ယ်ယူရန်စာရင်းပေးသွင်းသည့်မြေကွက်ပေါင်း သုံးရာ ကျော်ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required