ပြည်သူ့ကာကွယ်ရေး (တမူး) တပ်ရင်း (၁) အခြေခံစစ်ပညာ အပတ်စဉ် (၆) သင်တန်းဆင်းပွဲကျင်းပ

ပြည်သူ့ကာကွယ်ရေး (တမူး) တပ်ရင်း (၁) အခြေခံစစ်ပညာ အပတ်စဉ် (၆) သင်တန်းဆင်းပွဲကျင်းပ

September 30

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၆) သင်တန်းဆင်ပွဲကို စက်တင်ဘာလ ၂၈နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၁) ထံမှ သိရှိရသည်။

အခမ်းအနားကို အစီစဉ် ရှစ်ခု ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းရင်းသားမဟာမိတ် EROs များ ၊ ပကဖ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းဆိုသည်။

“အခြေခံစစ်ပညာသင်တန်းပါ ကလေးတွေရဲ့စိတ်အားထက်သန်မှုနဲ့ ကြိုးစားသင်ယူမှုတွေကြောင့် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်၊ ဆက်လက်ပြီးလည်း သင်တန်းတွေ ဆက်လုပ်သွားမှာပါ” ဟု PDF – Tamu တပ်ရင်း (၁) တာဝန်ရှိသူမှ ပြောသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးမှ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းမှူးမှ အမှာစကားပြောကြားခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားနှင့် တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင် တစ်ဦးမှ ညီညွတ်ရေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းဆင်းရဲဘော်များထဲမှ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း နှင့် ကျမ်းသစ္စာဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်းတန်းကာလ ၄၅ရက်အကြာ ပြုလုပ်ခဲ့ပြီးနောက် မကြာမီ အပတ်စဉ်(၇) အား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း PDF – Tamu တပ်ရင်း (၁) တာဝန်ရှိသူထံ မှပြောဆိုခဲ့သည်။

တမူးမြို့တွင်းတွင် ပျူစောထီးများ မှ စစ်ကောင်စီတပ်များနှင့်ပူးပေါင်းပြီး ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ၊ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသအတွင်း သတင်းများမှ သိရှိရသည်။

ထို့အပြင် တမူးမြို့နယ်နှင့် အနီးပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ အင်အားကောင်းစွာဖြင့် လှုပ်ရှာနေပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တမူးမြို့နယ်

#သတင်းအရင်းအမြစ်

#စစ်ကောင်စီတပ်

#PDF–Tamu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly