ဆိပ်ဖြုမြို့နယ်နှင့် ပခုက္ကူမြို့နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဒေသခံကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့

ဆိပ်ဖြုမြို့နယ်နှင့် ပခုက္ကူမြို့နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဒေသခံကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့

(ကော်သူးလေ)

မဇ္ဈိမ။ ။မကွေးတိုင်း ဆိပ်ဖြုမြို့နယ် နှင့် ပခုက္ကူမြို့နယ်များသို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၁၀ ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာသား တစ်ဦးကို ဖမ်းခေါ်၍ဝင်းမာ နှင့် သံပရာပင်ကျေးရွာကြားရှိ လျှိူတစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ ပြီး ပခုက္ကူတွင်လည်း ဒေသခံတစ်ဦးကို ဖမ်းဆီး၍ တရားရုံးတင်ထား ကြောင်း ဒေသခံများထံက သိရသည်။

“စက်တင်ဘာ ၂၄ ရက်နေ့မှာ အသတ်ခံလိုက်ရတာ ။ အသတ်ခံရတဲ့သူက အသက်သုံး ဆယ်ကျော်ပါ။ သူက စစ်ကြောင်းတွေရှိတဲ့ကြားက လွတ်လောက်ပြီးထင်ပြီး ရွာထဲကို ဝင်တာ ။ စစ်တပ်က တွေ့သွားလို့ ကြိုးတုပ်ပြီး ဖမ်းထားတာ။ နောက်တစ်ရက်မှာ သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နောက်စေ့ကနေပစ်တဲ့သဘော။ နဖူးပွင့်ပြီး လက်ပြုန်ကြိုး တုပ်လျက်နဲ့ သေနေတာကို တွေ့ရတယ်” ဟု ကိုဒေးဗစ်က ပြောသည်။

ဆိပ်ဖြုမြို့နယ် နှင့် ပခုက္ကူမြို့နယ်များကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာ မှုနှင့် ပတ်သက်၍ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဒေးဗစ် က မဇ္ဈိမသတင်းဌာနကို ယခုလို ဖြေကြားသည်။

“ရေနံထွက်တဲ့နေရာတွေကို PDF တွေက စိုးမိုးထားတယ်။ အရင်စစ်ကြောင်း ထိုး တုန်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေကို NUG နဲ့ချိတ်ပြီး နေလို့ ရအောင် တစ်နိုင်တစ်ပိုင် ဆောက်ပေးထားတာရှိတယ်။ နောက်တစ်ချက်က စာသင်တာ ရှိတယ်။ အဲဒီယန္တရားကိုပြန်ဖျက်ဆီးချင်တဲ့သဘောပါ။ ဒီဘက်မှာက (ဆိပ်ဖြူမြို့နယ်) ၁၅ရွာကို အုပ်ချုပ်ရေးတွေဖွဲ့ပေးတယ်။ အေးအေးချမ်းချမ်းပဲနေတယ်။ အဲဒါကြောင့် စစ်ကြောင်းထိုးတယ်လို့ ယူဆပါတယ်” ဟု ကိုဒေးဗစ်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အချိန်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်း ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို တန်ပြန်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“လူအင်အားကနည်းတော့ လက်နက်ငယ်နဲ့မတိုက်ဘူး ၊ မိုင်း ဆွဲတယ်။ ဒရုန်းနဲ့ တစ်ကြိမ် တိုက်တာ ငါးဦးကနေ ၁၀ယောက်အထိ ထိတယ်လို့သိရတယ်။ ပခုက္ကူဘက် ကတော့ ဒရုန်းနဲ့တိုက်တာ အကြိမ်ပေါင်းမနည်းဘူး။ သိရသလောက်ဆို စစ်ကောင်စီက ၁၄ ယောက်သေတယ်။ ၃၀ လောက် ထိခိုက်ဒဏ်ရာရတယ်” ဟု ကိုဒေးဗစ်က ထပ်မံ ဖြေကြားသည်။

အင်အား ၄၀၀ ကျော်ပါဝင်ပြီး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကျေးရွာများမှ တဖြည်းဖြည်းခြင်း ဆုတ်ခွာကာ ယခုအခါတွင် ၎င်းတို့ တပ်စခန်းကိုပြန်ရောက်နေပြီ ဖြစ်ကြောင်း ကိုဒေးဗစ်က ထပ်မံဖြေကြားခဲ့သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ နှစ်သောင်း ကျော်သည် ၁၀ ရက်ကျော်ကြာ စစ်ဘေးရှောင်ခဲ့ရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဆိပ်ဖြူမြို့

#ပခုက္ကူမြို့နယ်

#စစ်ကောင်စီတပ်

#စစ်ကြောင်းထိုး

#ဒေသခံပြည်သူ

#သတ်ဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly