မန္တလေးသို့ စစ်ခေါင်းဆောင်လာရောက်သည့်နေ့တွင် စစ်ကောင်စီနေရာနှစ်ခုနှင့် အချုပ်ကားတစ်စီး တိုက်ခိုက်ခံရပြီး၊ နိုင်/ကျဉ်း ၂ ဦးလွတ်မြောက်

မန္တလေးသို့ စစ်ခေါင်းဆောင်လာရောက်သည့်နေ့တွင် စစ်ကောင်စီနေရာနှစ်ခုနှင့် အချုပ်ကားတစ်စီး တိုက်ခိုက်ခံရပြီး၊ နိုင်/ကျဉ်း ၂ ဦးလွတ်မြောက်

စက်တင်ဘာ ၃၀

မန္တလေး(မဇ္စျိမ)။ ။စစ်ခေါင်းဆောင်လာရောက်ခဲ့သည့် မန္တလေးမြို့တွင် ယမန်နေ့က၊ စစ်ကောင်စီ၏ နေရာနှစ်ခု ဗုံးခွဲခံရပြီး၊ အချုပ်ကား တစ်စီးလည်း တိုက်ခိုက်ခံရကာ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထွက်ပြေးလွတ်မြောက်ခွင့်ရခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက် ည ၇ နာရီခန့်တွင်၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် ၁၀၇ လမ်းထောင့်ရှိ မန္တလေးမြို့ တော်စည်ပင်သာယာပိုင်မော်တော်ယာဉ်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၃၄ လမ်းနှင့် ၁၃၅ လမ်းကြားရှိ စက်မှုဇုန် ရဲစခန်းတို့ ဗုံးဖောက်ခွဲခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဗုံးဖောက်ခွဲမှုကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော No More Dictatorship People Defence Force-Mandalay အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

စည်ပင်မော်တော်ယာဉ် ရုံးဖောက်ခွဲခံရမှုတွင်၊ စည်ပင်သာယာပိုင်မော်တော်ယာဉ်တစ်စီးပျက်စီးပြီး၊ ဂိတ်စောင့်တစ်ဦး ဒဏ်ရာရရှိကြောင်း၊ စက်မှုဇုန်ရဲစခန်းဖောက်ခွဲခံရမှုတွင် ပစ္စည်းချို့ယွင်းမှုကြောင့် အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နံနက်ပိုင်းတွင် အမရပူရမြို့နယ် မြစ်ငယ်တံတားအနီး နိုင်ငံရေးအကျဉ်းသားများတင်ဆောင်လာသည့် အချုပ်ကားကို မြို့ပြပြောက်ကျားမဟာမိတ်များ ပူးပေါင်းပြီးတိုက်ခိုက်ရာ၊ ရဲနှစ်ဦးသေဆုံးပြီး၊ နိုင်ငံရေးအကျဉ်းသား နှစ်ဦးလွတ်မြောက်ခွင့်ရခဲ့ကြောင်း တိုက်ခိုက်ရေးတွင်ပါ၀င်ခဲ့သည့် Truth Keeping Force-Amarapura အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ခေါင်းဆောင်သည် မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်စက်တင်ဘာလ ၂၈ ရက်နေ့ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး၊ ယမန်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှပြန်ထွက်သွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ခေါင်းဆောင်

#မန္တလေးမြို့

# စစ်ကောင်စီ

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required