ပုဏ္ဏားကျွန်းနှင့်ကျောက်တော် ကြားတွင် ရိက္ခာလာပို့သည် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းဆီး

By သူသူဇော်
30 September 2022
ပုဏ္ဏားကျွန်းနှင့်ကျောက်တော် ကြားတွင် ရိက္ခာလာပို့သည် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းဆီး

September 30

( မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနှင့်ကျောက်တော် ကားလမ်းကြား ၊ ချောင်းတူကျေးရွာအနီး တွင် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က စစ်ကောင်စီစစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနားရှိ နနွင်း တောင်ပေါ်တွင် အခြေချထားသည့် စစ်ကောင်စီဗျူဟာကုန်းကို ရိက္ခာပို့လာသည့် အချိန်၌ ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက ပြောသည်။

"ကျနော်တို့ရွာနဲ့ နည်းနည်းပဲဝေးတယ်။ စစ်သားတွေ ရိက္ခာလာပို့တဲ့အချိန် အေအေက ကြားဖြတ် ဝင်တိုက်တာ။ တိုက်ပွဲ တစ်နာရီခွဲလောက်ကို ဖြစ်သွားတယ်။ စစ်ကြောင်းလာမှာကို သိပြီးတော့ အေအေက ကြားဖြတ် ဝင်တိုက်လိုက်တဲ့အတွက် စစ်သားတွေ ထိခိုက်ဒဏ်ရာရသွားတဲ့လူလည်းရှိတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိဘူး။ သေတာတော့ မရှိဘူးထင်တယ်။ စစ်သား သုံးယောက်ကိုတော့ အေအေက ဆွဲသွားတယ်လို့ သိရတယ်။" ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ကျောက်တော်မြို့နယ် ကန်စောက်တောင်ခြေရှိ စစ်ကောင်စီတပ်ရင်း (၅၃၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုလည်း သိရသည်။

"ကျောက်တော် ကန်စောက်တောင်တပ်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ကြတယ်။ တချို့အနီးအနားက ဒေသခံတွေဆို ကြောက်ပြီး စစ်ဘေးရှောင်သွားတာလည်းရှိတယ်။ သူတို့က ရမ်းပစ်တာတွေ လုပ်တော့ ဒေသခံတွေကတော့ ကြောက်ကြတာပေါ့၊ ၁၂နာရီကျော်လောက်ထိပစ်ပြီးတော့ ခုချိန်တော့ ရပ်သွားပါတယ်။" ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ)တို့မှာ ရခိုင်ပြည်နယ်နှင့်ပလက်ဝဒေသများတွင် တိုက်ပွဲများပြင်းထန်းစွာ ဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များတွင် ဒေသခံများအနေဖြင့် ရိက္ခာသယ်ယူခွင့်များကို တင်းကျပ်စွာ ကန့်သတ်ထားသည့်အတွက် ယင်းဒေသရှိ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရခိုင်ပြည်နယ်

#စစ်ကောင်စီ

#ရိက္ခာသယ်ယူခွင့်

#ရက္ခိုင့်တပ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly