တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်အား အသွားအပြန် မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၂၅ယောက်သေဆုံးဟုဆို

27 September 2022
တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်အား အသွားအပြန် မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၂၅ယောက်သေဆုံးဟုဆို

စက်တင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကလေးမြို့မှ တပ်အပြောင်း အရွှေ့ပြုလုပ်လာသော စစ်ကောင်စီတပ်အား အသွားအပြန်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ယောက်သေဆုံးပြီး ခြေပြတ်လက်ပြတ်ဖြစ်ကာ ဒဏ်ရာရသူများပြားကြောင်း Freedom Rangers Tamu (FRT) ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“အခု မိုင်းကွင်းအလယ်လောက်မှာဆွဲခဲ့တာ အကျအဆုံးများပါတယ်၊ သေသွားတဲ့ စစ်ခွေး (စစ်ကောင်စီတပ်သား) အလောင်းတွေကို ပန်းသာမှာ မီးရှို့သွားပြီး ခြေပြတ်လတ်ပြတ်တွေပါဖြစ်ကုန်တယ်လို့သိရတယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၆ရက် မွန်းလွဲ ၂နာရီခန့်အချိန်တွင် ထန်းတပင်နှင့် မန်မော်အကြား ခြေကျင်ဖြင့် တက်လာသော စစ်ကောင်စီတပ်သား များအလယ်တွင် ပဒေသာ မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ကလေးမြို့ ဒစက (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) လက်အောက်ခံ ခလရ (၈၉) နေရာယူ ဖြန့်ကြက်တပ်စွဲထားသော တမူးမြို့အထက်ပိုင်း အောင်ဇေယျ ၊ မြို့သစ် ၊လင်းသာ နှင့် ကွမ်းတောင်းတပ်စခန်းများ နေရာတွင် ခလရ (၂၂၈) ဖြင့် အစားထိုး နေရာယူရန် အပြောင်းအရွှေ့ပြုလုပ်တာ ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၁၉ရက် တပ်အပြောင်းအရွှေ့အတွက် ကလေးမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်အား ထန်းတပင်နှင့် မန်မော်အကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦီးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း FRT ပြန်ကြားရေး တာဝန်ခံမှ ဆိုသည်။

အဆိုပါစစ်ကြောင်း တမူးမြို့သို့ဝင်ရောက်ပြီးနောက် အထက်ဘက်သို့ဆက်လက်ထွက်ခွာအပြီး အပြောင်းအရွှေ့ပြုလုပ်လာသော စစ်ကောင်စီတပ်အား စက်တင်ဘာလ ၂၄ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း (၁) နှင့် မဟာမိတ် များ ၊ ABSDF ၊ KNA (Burma ) နှင့် CEU များမှ ကြား ဖြတ်၍ တိုက်ခိုက်ခဲ့ရာ အသေအပျောက်များကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာ ၁၉ ရက်နေ့က တမူးမြို့ လေးမိုင်ဂိတ်အား Fighter Police CDM (Tamu) တပ်ဖွဲ့နှင့် အတူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)တပ်ရင်း (၅) ၊ ကျောင်းသားတပ်ဖွဲ့ (BSO) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံး ထိခိုက်မှု အရေအတွက်အား အတည်ပြုနိုင်ခြင်းမရှိသော်လည်း ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly