မုံရွာမြို့ နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

27 September 2022
မုံရွာမြို့ နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

စက်တင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း Black Dragon Special Task Force ထံမှ သိရသည်။

စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီအချိန်တွင် GTC (နည်းပညာတက္ကသိုလ်) ဂိတ်ပေါက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားသုံးဦးအား ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အပြင်၌ထွက်နေသည့် စကစ တပ်သားတစ်ဦး သေဆုံးသွားကြောင်းဆိုသည်။

သို့သော် ပစ်ခတ်စဉ်အတွင်း သေနတ် “ဂျမ့်” ဖြစ်သွား၍ ကျန်ရှိသောစစ်ကောင်စီတပ်သား နှစ်ဦးမှာ ထိအခိုက်ဒဏ်ရာသာ ရရှိခဲ့ကြောင်းသိရသည်။

“ GTC မှာ တပ်စွဲထားတာကြာပြီ။ အရေးကြီးတဲ့နေ့တွေဆို အဲဒီကနေ ဗောဓိလမ်းဘက်ကို ထွက်ပြီး စစ်ဆေးရေးလုပ်တာတွေရှိတယ် ” ဟု Black Dragon Special Task Force မှ K.M.S.G က မဇ္စျိမ သို့ပြောသည်။

အလစ်အငိုက် ကားပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အထိအခိုက်မရှိ ပြန်လည်ဆိုခွာနိုင်ခဲ့ကြောင်း ဆိုသည်။

အင်အား ၅၀ ခန့်ရှိ အဆိုပါနည်းပညာတက္ကသိုလ်မှ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် Black Dragon Special Task Force နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသည့် God of Monywa People Defense Force၊ Golden Eagle Force – Monywa တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့က Black Dragon Special Task Force – Monywa စခန်းခွဲအား ဒလန်၏သတင်းပေးမှုကြောင့် ဝင်ရောက်စီနင်းခံခဲ့ရပြီး လူနေဆောင် လေးဆောင်အပါအဝင် ထုတ်လုပ်ရေးစခန်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံရကာ စုစုပေါင်း ကာလတန်ကြေး ကျပ် သိန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly