ရေစကြိုမြို့နယ် ဂွေးချိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၂ ဦးသေ

27 September 2022
ရေစကြိုမြို့နယ် ဂွေးချိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၂ ဦးသေ

လွှမ်းမိုး

မဇ္ဈိမ။. ။မကွေးတိုင်း ၊ ရေစကြိုမြို့ ၊ တောင်ဘက်ခြမ်းရှိ ဂွေးချိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂွေးချိုရွာရှိ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ယမန်နေ့ နံနက် ၈ နာရီခန့်က အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးကြောင်း ရေစကြို ပ.က.ဖ သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။

“ဂွေးချိုရွာမှာ စစ်ကောင်စီတပ်နဲ့ပျူအင်အား ၇၀ လောက် ရှိတယ်။ ကျွန်တော်တို့က ရွာအတွင်း အထိ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့က တိကျတဲ့ သတင်းတစ်ခု အပေါ်မှာ အခြေခံပြီး အစီအစဉ်ဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်အင်အား ဘယ်လောက်ရှိတယ်။ ဘယ်လို လက်နက် အမျိုး အစား တွေ ရှိနေလဲ စတဲ့ အကြောင်း အရာတွေကို အခြေခံပြီး အစီအစဉ် ဆွဲခဲ့တာ ဖြစ်တယ်။ စစ်ကောင်စီ တပ်သား နှစ်ဦး သေတယ်။ လေးဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားတယ်။ ကျွန်တော်တို့ ဘက်ကတော့ ထိခိုက်မှုမရှိဘူး” ဟု ရေစကြို ပ.က.ဖ က သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲကို ရေစကြို ပ.က.ဖ ၊ Urban Underground Revolution Forces (UURF) ၊Yesagyo Revolution Group၊ Shwe Nyar Myat PDF ၊ King Cobra ၊ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် YRD Pakokku Ranger အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မကွေးတိုင်း

#ရေစကြိုမြို့နယ်

#ဂွေးချိုရွာ

#စစ်ကောင်စီတပ်

#တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly