မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက် မသိရသေး

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက် မသိရသေး

စက်တင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်ဖွဲ့ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People's Defence Force - South Monywa ထံမှ သိရသည်။

မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် မန္တလေးမြို့သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကားနှစ်စီးကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မနက်အစောပိုင်းမှာ မုံရွာဘက်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကားအကြီးနှစ်စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ မိုင်းနှစ်လုံးနဲ့ပါ၊ ကားမောင်းတာက တော်တော်ကို မြန်တယ်၊ မိုင်းခွဲတိုက်ခိုက်မှုမှာ အနောက်က မောင်းနှင်လာတဲ့ စစ်ကားရဲ့ နောက်ပိုင်းကို ထိပါတယ်” ဟု People's Defence Force - South Monywa မှ တာဝန်ရှိသူ Daung Karyan က မဇ္စျ်ိမကို ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား အယောက် ၈၀ နီးပါးလိုက်ပါစီးနင်းလာသည့် စစ်ကားနှစ်စီးကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီး၏ နောက်ပိုင်းကို ထိမှန်ခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ခ်ိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ကားနှစ်စီးပေါ်မှာ အားလုံးပေါင်း စစ်ကောင်စီတပ်သား အယောက် ၈၀ လောက်တော့ပါမယ်ဗျ။ မိုင်းဆွဲတ်ိုက်ခိုက်မှုမှာ ဒီကောင်တွေရဲ့ ထိခိုက်မှုတွေကို မသိရသေးဘူး။ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအနေဖြင့် တော်လှန်ရေးအောင်မြင်စွာ ပြီးမြောက်သည့်အချိန်အထိ ကားမှန်များချ၍ သင့်တင့်သောအရှိန်ဖြင့်သာ ဖြတ်သန်းသွားလာ မောင်းနှင်ပေးကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီတပ်က မုံရွာ-ချောင်းဦး လမ်းပိုင်းနေရာများတွင် ဂျန်ပါကြိုးများ လာရောက်မြုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို ယခုလအတွင်း အပြတ်ချေမှုန်းမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မုံရွာမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းသုံးခုကို စစ်ကောင်စီတပ်က သတင်းအတိအကျဖြင့် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly