ရုရှထံမှ ပြန်လည်သိမ်းပိုက်နိုင်သည့် အရှေ့ပိုင်း မြို့တွင် ရုပ်အလောင်းပေါင်း ၄၀၀ ကျော် တူးဖော်တွေ့ရှိ 

ရုရှထံမှ ပြန်လည်သိမ်းပိုက်နိုင်သည့် အရှေ့ပိုင်း မြို့တွင် ရုပ်အလောင်းပေါင်း ၄၀၀ ကျော် တူးဖော်တွေ့ရှိ 

စက်တင်ဘာလ ၂၄ ရက်

ရုရှတပ်များထံမှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည့် အရှေ့ပိုင်း အီဇိုင်ယမ်မြို့အနီးက လူအစုပြုံလိုက် မြုပ်ထားသည့် နေရာတွင် ရုပ်အလောင်းပေါင်း ၄၄၇ လောင်းကို တူးဖော်တွေ့ရှိကြောင်း အရှေ့ပိုင်း ခါကိဗ်ဒေသမှ ယူကရိန်းတာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။ 

“အီဇိုင်ယမ်မှာ လူအစုလိုက် မြုပ်နှံထားတဲ့ နေရာကနေ ရုပ်အလောင်းအားလုံးကို တူးဖော်ခဲ့ပြီး ဖြစ်ပါတယ်”ဟု ခါကိဗ်ဒေသ တရားရေးတာဝန်ရှိသူများက လူမှုမီဒီယာတွင် ဆိုသည်။ 

“စက်တင်ဘာ ၁၆ ကနေ ၂၃ ရက်အထိ အဲဒီ နေရာကနေ ရုပ်အလောင်းပေါင်း ၄၄၇ လောင်းကို တူးဖော်ခဲ့ရတာပါ”ဟု ဖေ့ဘုတ်ထုတ်ပြန်ချက်၌ ၎င်းတို့က ပြောသည်။ 

ရုပ်အလောင်းများတွင် ကလေး ၅ ဦးအပါအဝင် အရပ်သား ၄၂၅ ဦးနှင့် ယူကရိန်းစစ်မှုထမ်း ၂၂ ဦး ပါဝင်သည်ဟု ၎င်းတို့က ဖြည့်စွက်ပြောသည်။ 

“သေဆုံးရသည့် ဖြစ်စဉ်ကို ဖော်ထုတ်နိုင်ရေးနှင့် ရုရှစစ်တပ်အပေါ် အပြစ်ပေးနိုင်ရေး” အတွက် လိုအပ်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

သောကြာနေ့ အစောပိုင်း၌ ခါကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလက်ဂ် ဆိုင်နီဂူဘော့ဗ်က ရုပ်အလောင်း ၄၃၆ လောင်း တူးဖော်တွေ့ရှိသည်ဟု ပြောထားသည်။ 

“တော်တော်များများကတော့ အကြမ်းဖက် တိုက်ခိုက်ခံရပြီး သေဆုံးတာပါ၊ ရုပ်အလောင်း ၃၀ ကတော့ နှိပ်စက်ညှင်းပန်းခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်၊ ဒီ ရုပ်အလောင်းတွေကို လည်တိုင်နဲ့ လက်တွေကို ကြိုးချည်တုပ်ထားတာ ဖြစ်တယ်၊ ခြေလက်တွေလည်း ကျိုးနေပြီး သေနတ်ဒဏ်ရာတွေလည်း ရှိတယ်”ဟု လူမှုမီဒီယာ ထုတ်ပြန်ချက်တွင် ၎င်းက ပြောသည်။ 

ယူကရိန်းသည် ယခုလအတွင်း အရှေ့ပိုင်းက အစ်ဇိုင်ယမ်နှင့် အခြားသော မြို့များကို သိမ်းပိုက်နိုင်ပြီး ရုရှ၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုက်ကာ ရုပ်အလောင်းများ မြုပ်နှံထားရာ နေရာ ရာပေါင်းများစွာကို တွေ့ရှိပြီး ရုရှ၏ ရက်စက်ယုတ်မာမှုများကို အတိအလင်း ပြောဆိုလာနိုင်ခဲ့သည်။ 

“တချို့ အမျိုးသားတွေမှာဆို လိင်အင်္ဂါဖြတ်တောက်ခံထားရတယ်၊ မြို့နေတွေအပေါ် ကျူးလွန်တဲ့ ကျူးကျော်သူတွေရဲ့ ဆိုးဝါးလွန်းတဲ့ ရက်စက်ယုတ်မာမှုတွေကို သက်သေပြနေတယ်”ဟု ဆိုင်နီဂူဘော့ဗ်က ပြောသည်။ 

ယူကရိန်း အရှေ့ပိုင်းတွင် ကြီးမားသည့် သတ်ဖြတ်မှုများ တပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်း မရှိကြောင်း ရုရှက ပြောပြီး ယူကရိန်းသည် ပြန်လည်သိမ်းပိုက်ရသည့် နယ်မြေများတွင် လူအစုလိုက် မြုပ်နှံနေရာများ တွေ့ရှိသည်ဟု လုပ်ကြံဇာတ် ခင်းနေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly