မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး ဟုဆို

မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဦး သေဆုံး ဟုဆို

စက်တင်ဘာလ ၂၄ ရက်

ချင်းပြည်နယ် ၊မတူပီမြို့နယ် ၊မတူပီ - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ယနေ့ စက်တင်ဘာလ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“သူတို့ဂိတ်ကို အတိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က မြို့တွင်း ၊ မြို့ပြင် လှုပ်ရှားစစ်ဆေးမှုတွေ များလာနေပါတယ်။ အခုလည်း နယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ” ဟု CDF – Matupi ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ယနေ့ နံနက် ၇နာရီအချိန်တွင် မတူပီမြို့အခြေစိုက် ခလရ (၁၄၀) မှ စစ်ကောင်စီတပ်အင်အား ၅၀ခန့် သည် မတူပီ - ဟားခါးလမ်းဘက်သို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထွက်လာစဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင်း ဆိုသည်။

တိုက်ပွဲ မိနစ် ၂၀ခန့် ကြာ ဖြစ်ပွါးပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားသည့်နေရာ အနီးဝန်းကျင်တွင် ဆက်လက်ရှိနေသေးသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ပြီး မိဘပြည်သူများအနေဖြင့် မတူပီ - ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မတူပီမြို့အဝင် ဆိုင်းဘုတ်အနီးတွင် တပ်ချ၍ စစ်ဆေးရေးဂိတ်ဖွင့်ကာ စစ်ဆေးနေသည့်အတွက် ပြည်သူများ အနှောက်အယှက် အခက်အခဲများကြုံတွေရသည်။ ထို့ကြောင့် CDF – Matupi က စက်တင်ဘာလ ၂၀ရက်က ထို စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် မတူပီမြို့တွင်း နှင့် အပြင်တွင် လုံခြုံရေးတင်းကျပ်လာကာ စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုများပြားလာပြီး အိမ်တိုင်းကို ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း CDF – Matupi ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly