UNHCR ၏ ကူညီစောင့်ရှောက်မှုအောက်တွင်သာ ဆက်လက်လှုပ်ရှားသွားမည်ဟု အလှမယ် ဟန်လေး ပြောကြား

UNHCR ၏ ကူညီစောင့်ရှောက်မှုအောက်တွင်သာ ဆက်လက်လှုပ်ရှားသွားမည်ဟု အလှမယ် ဟန်လေး ပြောကြား

စက်တင်ဘာလ ၂၄ ရက်

Miss Grand International အလှမယ် သော်နန္ဒာအောင် (ခ) ဟန်လေးသည် စက်တင်ဘာ ၁၈ ရက်နေ့က ဗီဇာကိစ္စဖြင့် ဗီယက်နမ် နိုင်ငံသို့သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် သုဝဏ္ဏဘူမိလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အလှမယ် ဟန်လေး ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရသည့်သတင်းများ လူမှုကွန်ရက်မျက်နှာပေါ်တွင် ပျံ့နှံ့လာသဖြင့် အတည်ပြုနိုင်ရန် မဇ္ဈိမသတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် အလှမယ် ဟန်လေးက E-mail မှတဆင့် ယခုလို ပြန်လည် ဖြေကြားခဲ့သည်။

“ညီမ ခုထိတော့ ဘာမှအခြေနေကိုမှ မသိရသေးပါဘူး။ UNHCR ဘက်ကလည်း On Process မို့လို့ပါ။ မနေ့ညကလည်း ကောင်းကောင်းမနားရသေးဘူး။ မနက်ဖြန်တွက်လည်း ညီမ အားတင်းထားရဦးမှာဆိုတော့ ဖုန်းလက်ခံမဖြေပေးနိုင်တာ တောင်းပန်ပါတယ်ရှင်” ဟု အလှမယ် ဟန်လေး က ပြန်လည်အကြောင်းကြားခဲ့သည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် အလှမယ် ဟန်လေး ဖမ်းဆီးခံရခြင်းမှာ ၎င်း၏ နိုင်ငံကူး လက်မှတ်သည် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်၏ အနီရောင်စာရင်းတွင် ပါဝင် နေခြင်းကြောင့် ဖြစ်သည်ဟု ထိုင်း တာဝန်ရှိသူများက ဆိုသည်။

ထိုင်းလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရမှု ရက်ပိုင်းမျှကြာလာပြီးနောက် အလှမယ် ဟန်လေးအား ထပ်မံ၍ ဆက်သွယ်ခဲ့ရာ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ လက်ရှိအခြေအနေကို ယခုလို ဖြေကြားသည်။

“လက်ရှိကတော့ Passport block ဖြစ်နေတော့ ထိုင်းဘက်လည်း ဝင်မရသလို အခြားနိုင်ငံလည်းကူးမရဖြစ်နေတဲ့အတွက် UNHCR ဘက်က အကူညီနဲ့ သူတို့ဘက်က Process ကိုပဲ စောင့်နေရမှာပါ။ ဟန်လေးဘက်ကတော့ ဘာမှလုပ်လို့မရတဲ့ အခြေနေမို့ပါ။ စဖြစ်တဲ့နေ့တည်းက UNHCRရဲ့ အကူညီနဲ့ ဘာလုပ်ရမလဲဆို တာတွေကိုပဲ Followလုပ်ပြီး ဟန်လေးCaseနဲ့ ပတ်သက်တာတွေ ထိုင်းအစိုးရဘက်ကို ဆက်သွယ်ထားတာပါ” ဟု အလှမယ် ဟန်လေးက ပြောသည်။

လက်ရှိတွင် အလှမယ်ဟန်လေးသည် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်၍ မရဘဲ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ကူညီစောင့်ရှောက်မှု အောက်တွင်ရှိကြောင်း သိရသည်။

အလှမယ် ဟန်လေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် “Miss Grand International 2020” ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲကြီး၏ စင်မြင့်ထက်တွင် “Stop the War & Violence” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်များ၏ အကြမ်းဖက် လုပ်ရပ်များကို ကမ္ဘာသိအောင် ထုတ်ဖော်ပြောကြားခဲ့သဖြင့် စစ်ကောင်စီဘက်မှ အလှမယ် ဟန်လေးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly