မောင်းပြန် မရှိသေးသည့် ကာကွယ်ရေး တပ်စခန်း မီးအရှို့ခံရ၍ ပြန်လည်ထူထောင်နိုင်ရန် ရုန်းကန်နေရ

မောင်းပြန် မရှိသေးသည့် ကာကွယ်ရေး တပ်စခန်း မီးအရှို့ခံရ၍ ပြန်လည်ထူထောင်နိုင်ရန် ရုန်းကန်နေရ

စက်တင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ယင်မာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) ရိုးမရာဇာ အဖွဲ့စခန်းသည် စစ်ကောင်စီတပ်၏ စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းကို ခံခဲ့ရသည့်အတွက် ပြန်လည်ထူထောင်နိုင်ရေး ရုန်းကန်နေရကြောင်းသိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့၌ စစ်ကောင်စီတပ်က မုန်တိုင်ပင်ရွာအား လေကြောင်းဖြင့် စီးနင်းပစ်ခတ်မှုအတွင်း ရိုးမရာဇာအဖွဲ့၏ စခန်းနှင့်လက်လုပ်လက်နက်များ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“ လေကြောင်းနဲ့ပစ်ပြီး စစ်ကြောင်းထိုးတော့ ကျွန်တော်တို့စခန်းတွေဘက်ကို အဲ့စစ်ကြောင်းရောက်လာတယ်။ ခံပစ်စရာ လက်လုပ်ပဲရှိတော့ အကုန်လုံးရှောင်လိုက်ရတာ” ဟု ရိုးမရာဇာအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်ဖြိုးက ပြောပြသည်။

ရိုးမရာဇာအဖွဲ့အား ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းပြီး လက်ရှိအချိန်ထိ ပုလဲနယ်နှင့် ယင်းမာပင်နယ်များတွင် တိုက်ပွဲများဖော်ဆောင်တိုက်ခိုက်ခဲ့ကာ လက်ရှိအချိန်ထိ လက်လုပ်လက်နက်ကိုသာ အားကိုးနေရကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်လခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရိုးမရာဇာအဖွဲ့အား တပ်ရင်းတပ်ဖွဲ့အဖြစ်အသိအမှတ်ပြုရာ ယင်မာပင်ခရိုင်တပ်ရင်း အမှတ် (၂၀) အဖြစ်ရှိနေကြောင်း ကိုဉာဏ်ဖြိုးကဆိုသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရိက္ခာမျှဝေရာတွင် ရိုးမရာဇာအဖွဲ့ထံ မရောက်ရှိသေးသည့်အတွက် မောင်းပြန်လက်နက် တစ်လက်ပင်မရှိသေးကြောင်းလည်း ၎င်းကဆက်ပြောသည်။

၎င်းတို့အဖွဲ့တွင် လက်လုပ်လက်နက်များ၊ လက်လုပ်လက်နက်ကြီး အမျိုးအစားတစ်ခုဖြစ်သည့် မိုးညိုမမ အမည်ရ ဘီးတပ်အမြောက်ကြီးပုံစံများ ထုတ်လုပ်နိုင်ခဲ့သော်လည်း ရင်ပေါင်တိုင်လေကြောင်းပစ်ခတ်မှု စစ်ကြောင်းအပြီး စစ်ကောင်စီတပ်၏ မီးတင်ရှို့မှုကိုခံခဲ့ကြရသည်။

လက်ရှိအချိန်တွင် စခန်းနေရာအသစ်အား ပိုက်ဆံကုန်ကျစရိတ်သိပ်မလိုသည့် ထန်းလက်များကိုယ်တိုင်ခုတ်ကာ ဝါးတဲများဆောက်ပြီး ရဲဘော်များနေထိုင်နေကြရသည်။

“ အခု ကျွန်တော်တို့ ထုတ်လုပ်ရေးကို ပြန်စမယ်။ ကျွန်တော်တို့မှာ အရမ်းခက်ခဲတယ်ဗျာ။ ရပ်တည်နိုင်ဖို့ အကူအညီတွေလိုက်တောင်းပေမယ့်လည်း အဆင်မပြေဘူး။ မီးရှို့ခံရတဲ့ဖြစ်စဉ်လည်း ကြာပြီဆိုတော့ ဒါကြောင့်ဒီသတင်းလေးကို သိရင်တတ်နိုင်တဲ့သူတွေက ကူကြဖို့ပဲပြောပါရစေ” ဟု အဖွဲ့အား အကူအညီပေးရန် ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်ဖြိုးက အကူအညီတောင်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဘက်မှလည်း ၎င်းတို့အဖွဲ့အတွက် လက်နက်တပ်ဆင်ပေးရေးကိစ္စအား ရေရေရာရာကတိပေးပြောဆိုထားခြင်း မရှိသေးကြောင်း ကိုဉာဏ်ဖြိုးက ပြောသည်။

ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာတွင် အခိုင်အမာတပ်စွဲလျက်ရှိပြီး ရင်ပေါင်တိုင်၊ ဦးနှောက်၊ တမာပင်ဂွ၊နှင့် ပုထိုးသာရွာများသို့လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly