ချောင်းဦးမြို့နယ် ကံဇီးကျေးရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား စစ်ကောင်စီ တပ်သားသေဆုံး

ချောင်းဦးမြို့နယ် ကံဇီးကျေးရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား စစ်ကောင်စီ တပ်သားသေဆုံး

စက်တင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အနောက်ဘက်ခြမ်း၊ ကံဇီးကျေးရွာမှ တပါယ်အင်း ကျေးရွာဘက်သို့ ထွက်ခွါလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့ကို အောင်ဆန်းတပ်ဖွဲ့ (A.S.F) တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) ရဲဘော်များက ယနေ့ စက်တင်ဘာလ ၂၃ရက် နံနက် ၈ နာရီခန့်တွင် ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်းပုန်းဝပ်၍ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။

“ကံဇီး ကျေးရွာ ကနေ ပျူနှင့်စစ်ကောင်စီတပ်သား ၃၀ လောက်က တပါယ် အင်းကျေးရွာ ဘက်ကို ဦးတည်ပြီး ထွက်လာတယ်။ ရှေ့ပွိုင့် အနေနဲ့ ထွက်လာတဲ့ စစ်သား ငါး ဦးကို ကျနော်တို့ ကင်းပုန်းကနေ အသင့်စောင့် တိုက်ခဲ့တာပါ။ စစ်ကောင်စီ တပ်သား တစ်ဦးကတော့ နေရာတင်သေဆုံးတယ်။ ကျန်လေးယောက်ကတော့ ပြင်းပြင်း ထန်ထန် ဒဏ်ရာရနိုင်တယ်။ သေမသေတော့ မသိရသေးဘူး။ အဲ့ဒီမှာ နောက်ရောက်လာ သူတွေက ပြန်ပစ်ပြီး သူတို့ လူတွေကို တွဲခေါ်သွား တယ်ဗျ။ တိုက်ပွဲကြာချိန် ကတော့ မိနစ် ၂၀ လောက်ပဲရှိပါတယ်” ဟု အောင်ဆန်းတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကံဇီးကျေးရွာ နှင့် တပါယ်အင်း ကျေးရွာများသည် ပျူရွာများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ခြင်း ၊ ခိုးယူခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရပါသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly