မုံရွာ မြို့ပတ်လမ်းဘေးတွင် မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးအလောင်းတွေ့ရှိ

မုံရွာ မြို့ပတ်လမ်းဘေးတွင် မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးအလောင်းတွေ့ရှိ

စက်တင်ဘာလ ၂၃ ရက်

မုံရွာမြို့ မြို့ပတ်လမ်း စက်မှုဇုန်အနီးတွင်၊ ယနေ့နံနက်ပိုင်းက မီးရှို့သတ်ပြီး ပီနံအိတ်ထဲထည့်ထားသည့် ဆယ်ကျော်သက်အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“မနက်က ၁၀ နာရီလောက်က အလောင်းတွေ့တာပေါ့နော်၊ မုံရွာကယ်ဆယ်ရေးက အလောင်းသွားကောက်လို့ သိရတာပါ၊ အသတ်ခံရတဲ့ကောင်မလေးက အတော်ငယ်သေးတယ်၊ ဓာတ်ဆီလောင်းပြီး မီးရှို့အသတ်ခံထားရတဲ့လက္ခဏာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသမီးသည် အသက်နှစ်ဆယ်ခန့်အရွယ်ဖြစ်ကြောင်း၊ အလောင်းအားတွေ့ရစဉ် လက်ကိုကြိုးတုပ်ထားလျက် ဓာတ်ဆီလောင်းမီးရှို့ထားသော အနေအထားဖြင့် သေဆုံးလျက်တွေ့ရခြင်းဖြစ်ကြောင်း၊ အလောင်းအား မုံရွာဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မုံရွာမြို့)က သတင်းထုတ် ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း၊ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း လမ်းဘေးတွင် တွေ့ရှိရသဖြင့် ၎င်းအဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly