မြန်မာနိုင်ငံ၌ ကျင်းပမည့် ‘အတုအယောင်’ ရွေးကောက်ပွဲများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရှုတ်ချ 

မြန်မာနိုင်ငံ၌ ကျင်းပမည့် ‘အတုအယောင်’ ရွေးကောက်ပွဲများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရှုတ်ချ 

စက်တင်ဘာလ ၂၃ ရက်

မြန်မာနိုင်ငံက လာမည့် ရွေးကောက်ပွဲသည် အလိမ်အညာသာ ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရှင်တစ်ဦးက ကြာသပတေးနေ့တွင် ရှုတ်ချပြီး စစ်အာဏာသိမ်းအုပ်စုသည် တရားဝင်အုပ်ချုပ်ခွင့်အတွက် အပေါ်ယံဗန်းပြခြင်းသာဖြစ်သည်ဟု ပြောဆိုကာ ယင်း အာဏာသိမ်းအုပ်စုကို စိန်ခေါ်ရန် လုံလုံလောက်လောက် မလုပ်ဆောင်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း ဝေဖန်ပြစ်တင်လိုက်သည်။ 

“ရွေးကောက်ပွဲဆိုပြီး စစ်အာဏာသိမ်းအုပ်စုဟာ ပြင်ဆင်လုပ်ဆောင်နေပြီ၊ ဒါဟာ ဘယ်လိုမှ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အတုအယောင်ပဲ ဖြစ်တယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက ဂျီနီဗာတွင် သတင်းထောက်များကို ပြောသည်။ 

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီလ၌ အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ 

ယင်းအချိန်မှစကာ တိုင်းပြည်သည် ဝရုန်းသုန်းကား အခြေအနေ ဆိုက်နေပြီး နိုင်ငံနှင့်အဝန်း တိုက်ပွဲများ ဖြစ်ပွားနေကာ စီးပွားရေးမှာလည်း ယိုယွင်းလာနေသည့်ကြားမှပင် စစ်အာဏာသိမ်းအုပ်စုက လာမည့် ဩဂုတ်လတွင်း ရွေးကောက်ပွဲသစ်များ ကျင်းပရန် စီစဉ်ထားကြောင်း ပြောထားခြင်း ဖြစ်သည်။ 

စစ်တပ်က အတိုက်အခံများကို သွေးထွက်သံယို ဦးဆောင်ဖြိုခွင်းမှုအတွင်း အရပ်သား ၂၃၀၀ နီးပါး သေဆုံးကာ ဖမ်းဆီးခံရသူပေါင်း ၁၅၀၀၀ ထက်မနည်းရှိကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်. 

ကြေညာထားသော ရွေးကောက်ပွဲများနှင့်အတူ စစ်အာဏာသိမ်းအုပ်စုသည် “တရားဝင်အုပ်ချုပ်ခွင့် ပုံစံမျိုးကို ဖန်တီးရန်” ကြံဆောင်နေခြင်းဖြစ်သည်ဟု အင်ဒရူးက ပြောသည်။ 

“နိုင်ငံတွေအနေနဲ့ ‌ဒီ အတုအယောင် ရွေးကောက်ပွဲတွေမှာ ကူညီတာ၊ အကြံပေးတာမျိုးနဲ့ ထောက်ခံတဲ့ပုံစံမျိုးမှာ ထောင်ချောက်မမိသွားဖို့ အလွန်ပဲ အရေးကြီးပါတယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရက်စက်ယုတ်မာမှုတွေမှာ မပါမိပါစေနဲ့”ဟု အင်ဒရူးက ပြောသည်။ 

အစောပိုင်း၌လည်း ၎င်းက မြန်မာစစ်တပ်၏ စက်တင်ဘာ ၁၆ ရက်က စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်၍ ကလေး ၁၁ ဦးအပါအဝင် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အသေးစိတ်ကို ပြောဆိုခဲ့သည်။ 

အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ထက်စီးနင်း ပြုကျင့်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဒုက္ခသည်များ စီးဝင်လာမည်ကို ကြုံရနိုင်ကြောင်းလည်း ၎င်းက သတိပေးသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဗုဒ္ဓဟူးနေ့က တင်ပြရာ၌ အင်ဒရူးက ယူကရိန်းအား ရုရှကျူးကျော်မှုကို ကမ္ဘာ့အဖွဲ့ကြီး ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံများက မည်သို့ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ကြသည်နှင့်ပတ်သက်ပြီး အံ့ဩရသည်ဟု ပြောဆိုခဲ့သည်။ 

“ဒါကြောင့် မေးခွန်းထုတ်စရာက မြန်မာပြည်သူတွေအပေါ် ကျရောက်နေတဲ့ ရက်စက်ယုတ်မာမှုတွေကိုတော့ ဘာကြောင့် အလေးမထားနိုင်တာလဲ ဆိုတာပါပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly