ရုရှဆီ လက်နက်ပေးပို့ခြင်း မရှိဟု မြောက်ကိုရီးယား ငြင်းဆန်ပြီး အမေရိကန်ကို ‘ပါးစပ်ပိတ်ထားရန်’ ပြော 

ရုရှဆီ လက်နက်ပေးပို့ခြင်း မရှိဟု မြောက်ကိုရီးယား ငြင်းဆန်ပြီး အမေရိကန်ကို ‘ပါးစပ်ပိတ်ထားရန်’ ပြော 

ရုရှနိုင်ငံဆီသို့ မည်သည့်အခါကမျှ လက်နက်ပေးပို့ထားခြင်း မရှိဘဲ ပေးပို့သွားရန် အစီအစဉ်လည်း မရှိကြောင်း မြောက်ကိုရီးယားက ပြောဆိုပြီး ယူကရိန်းစစ်ပွဲအတွက် လက်နက် ပေးပို့နေသည်ဟု အမေရိကန်၏ ပြောဆိုချက်များသည် နိုင်ငံ၏ ပုံရိပ်ကို “နာမည်ဖျက်နေခြင်း” သာဖြစ်သည်ဟု ရှုတ်ချသည်။ 

မြောက်ကိုရီးယားနှင့် ရုရှတို့ကြား၌ “လက်နက်ဖလှယ်မှု ကောလဟလများ” ကို အမေရိကန်နှင့် အခြားရန်လိုသော အင်အားစုများက ဖြန့်နေကြောင်း အမည်မဖော်သည့် မြောက်ကိုရီးယား ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ကြာသပတေးနေ့၌ KCNA သတင်းဌာနက ထုတ်ပြန်သည်။ 

“ဒီလို မြောက်ကိုရီးယားအပေါ် သွားပုပ်လေလွင့် ပြောဆိုတာတွေအတွက် အမေရိကန်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တင်းတင်းမာမာ သတိပေးတယ်”ဟု ယင်း တာဝန်ရှိသူက ဆိုသည်။ 

“ကျွန်တော်တို့ အရင်ကလည်း ရုရှဆီကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ဘယ်တုန်းကမျှ မပို့ဖူးဘူး၊ နောင်လည်း ကျွန်တော်တို့ ပေးပို့ အစီအစဉ် မရှိဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည်။ 

ရုရှသည် “ယူကရိန်းစစ်ပွဲ၌ သုံးစွဲရန် မြောက်ကိုရီးယားထံမှ ဒုံးကျည်များနှင့် လက်နက်ကြီးကျည်များ သန်းပေါင်းများစွာ ဝယ်ယူထားကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရသူ ဗီဒန့် ပါတဲလ်က သတင်းထောက်များအား ပြောပြီးနောက် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားက ငြင်းဆန်ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

နောက်ပိုင်းတွင် အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ ဂျွန် ကာဘီက “ဝယ်ယူမှု ထမြောက်ခြင်း ရှိမရှိ သက်သေ မရှိကြောင်းနှင့် ယူကရိန်းတွင် ယင်းလက်နက်များကို သုံးစွဲနေသည်ဆိုသော သေချာသည့် သက်သေမရှိကြောင်း” ပြောဆိုလာခြင်းနှင့်အတူ အိမ်ဖြူတော်က “ဖြစ်နိုင်ခြေရှိသော ဝယ်ယူမှု”ဟု ခေါ်ဆိုလာခဲ့သည်။ 

ယခုလအစောပိုင်းကလည်း အမေရိကန်၏ လျှို့ဝှက်အဆင့် လျှော့ချသော ထောက်လှမ်းရေးမှတ်တမ်းသစ်များတွင် ရုရှသည် မြောက်ကိုရီးယားထံမှ လက်နက်ကြီးကျည်နှင့် ဒုံးကျည်များ သန်းပေါင်းများစွာ ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ထားပြီး အသေးစိတ်တော့ မဖော်ပြထားပေ။ 

မြောက်ကိုရီးယား၏ ရုရှထံသို့ မည်သို့သော လက်နက်တင်ပို့မှုမဆိုသည် လက်နက်တင်သွင်းခွင့်နှင့် တင်ပို့ခွင့်ကို တားမြစ်ထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရောက်ရာသည်။ ရုရှကလည်း ယင်း စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး သက်သေပြရန် အမေရိကန်ကို တောင်းဆိုထားသည်။ 

ရုရှသို့ အီရန်ကလည်း ယူကရိန်းစစ်ပွဲအတွက် အသုံးပြုရန် ဒရုန်းများ ထောက်ပံ့နေသည်ဟု အမေရိကန်က စွပ်စွဲထားပြီး အီရန်ကမူ ငြင်းဆန်သည်။ 

အမေရိကန်၏ ပြောဆိုချက်များသည် “အခြေအမြစ်မဲ့သည်”ဟု မြောက်ကိုရီးယား တာဝန်ရှိသူက ပြောဆိုကာ “ပါးစပ်ပိတ်ထားရန်” သတိပေးကြောင်း KCNA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထိုပြင် ဆန္ဒရှိမည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စစ်လက်နက်များ တင်ပို့ခြင်း၊ တင်သွင်းခြင်းများ လုပ်ဆောင်ရန် “ဥပဒေနှင့်ညီ အခွင့်အလမ်း” ရှိကြောင်းလည်း ထပ်လောင်း ပြောဆိုသည်။ အမေရိကန်နှင့် လက်အောက်ခံ အင်အားစုများ ဖန်တီးသည့် “မတရားသော” ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကိုလည်း မြောက်ကိုရီးယားက မည်သည့်အခါကမျှ အသိအမှတ် မပြုကြောင်းလည်း ယင်း တာဝန်ရှိသူက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required