တမူးမြို့နယ် ၄မိုင်ဂိတ်တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော ရဲဘော် ၁ဦး ဆေးကုသစရိတ် အခက်အခဲဖြစ်နေ

တမူးမြို့နယ် ၄မိုင်ဂိတ်တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော ရဲဘော် ၁ဦး ဆေးကုသစရိတ် အခက်အခဲဖြစ်နေ

မဇ္စျိမ ။    ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ ဖြစ်ပွားခဲ့သော လေးမိုင်ဂိတ်တိုက်ပွဲ၌ ခြေထောက်တွင် နင်းမိုင်း ဒဏ်ရာရရှိထား သော Fighter Police CDM (Tamu) မှ ရဲဘော် နဂါးကြီး အတွက် ဆေးကုသစရိတ်အခက်အခဲ ဖြစ်နေ ကြောင်း သိရှိရသည်။

“ရဲဘော် က နင်းမိုင်းထိသွားတာပါ၊ လိုအပ်တဲ့ ဆေးကုသစရိတ်အတွက် တတ်နိုင် သလောက်ဝိုင်းဝန်းကူညီပေးကြဘို့ မေတ္တာရပ်ခံချင်ပါတယ်” Fighter Police CDM (Tamu) ခေါင်းဆောင် ဒီမိုထူး မှ မဇ္စျိမ ကိုပြောသည်။

စက်တင်ဘာလ ၁၉ရက်နေ့ ည ၆နာရီကျော်ခန့်က တမူးမြို့အဝင် လေးမိုင်ဂိတ်အား ကာကွယ်ရေးပူးပေါင်းမဟာမိတ်များ ဝိုင်းတိုက်ခိုက်ခဲ့စဉ်  ပကဖမှ ကိုလင်းယုန်နှင့် BSO မှ မောင်အာကာထက်တို့ ကျဆုံးပြီး စခန်းအားသိမ်းပိုက်စဉ် ရဲဘော် နဂါးကြီး နင်းမိုင်းထိပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

Fighter Police CDM (Tamu) တပ်ဖွဲ့နှင့် အတူ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)တပ်ရင်း (၅) ၊ ကျောင်းသားတပ်ဖွဲ့ (BSO) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၆၀မမ များ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ ကင်းစခန်း ဘန်ကာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကာ စခန်းရှိ စစ်ကောင်စီတပ်များကို ခံပစ်ရင်း စခန်းမှ ဆုတ်ခွာခဲ့၍ RPG အစရှိသော လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကူမသွားနိုင်ရေးအတွက် ထန်းတပင်ကျေးရွာ နှင့် မန်မော်ကျေးရွာအကြားသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား Freedom Rangers Tamu မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးများ ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ လေးမိုင်စခန်းတွင် ပုံမှန်စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေရာယူ ထားပြီး မြို့အဝင်အထွက်ပြည်သူများကို စစ်ဆေးပြီး ငွေတောင်းခံခြင်း ၊ ရိုက်နှက်ခြင်း စသဖြင့် ပြည်သူများအပေါ် မတရားပြုကျင့်နေသော စခန်းဂိတ်တစ်ခုဖြစ်ကြောင်း ကိုဒီမိုထူးက ဆက်လက်ပြောဆိုသည်။

၎င်းတို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် ကလေးမြို့မှ တက်လာသော တင့်ကားတစ်စီးနှင့် ဂျန်မာကားတစ်စီးအပါအဝင် စစ်ကောင်စီစစ်ကြောင်းအား ကြိုဆိုရန် အင်အားပိုမိုချထားပြီး အင်အား ၄၀ကျော်ခန့်ရှိနေကြောင်းသိရသည်။

အဆိုပါ ကလေးမြို့မှတက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းကလည်း တမူးမြို့နယ် ကလေး - တမူးလမ်းပေါ်ရှိ ရန်လင်းဖိုင် ၊ ခွန်မွန်းနွန်နှင့် နန်မွန်တား ရွာမှ လူနေအိမ် ၁၀လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပန်းသာ ရွာ တွင် ညအိပ်ရပ်နားကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးမြို့
#စစ်ကောင်စီ
#၄မိုင်ဂိတ်တိုက်ပွဲ
#BSO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required