တင်းမာမှုများကြား ရိုဟင်ဂျာများ စီးဝင်မလာရေးအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်ကို ပိတ်ထား 

တင်းမာမှုများကြား ရိုဟင်ဂျာများ စီးဝင်မလာရေးအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်ကို ပိတ်ထား 

September 22

အိမ်နီးချင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားဆဲ မတည်ငြိမ်မှုများကြားတွင် လူနည်းစု မွတ်စလင်အသိုင်းအဝိုင်းဖြစ်သည့် ရိုဟင်ဂျာများ စီးဝင်လာနိုင်ခြေကို တားဆီရန် မြန်မာနှင့် နယ်စပ်ကို လုံးလုံး ပိတ်ထားပြီးဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဒူလ် မိုမန်က ပြောသည်။ 

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်သို့ ခရီးစဉ်သွားရောက်သည့် ဝန်ကြီးချုပ် ရှိတ် ဟာစီနာအား ရှင်းလင်းတင်ပြရန် အင်္ဂါနေ့ ညပိုင်းက နယူးယောက်ရှိ သတင်းစာရှင်းလင်းပွဲတွင် မိုမန်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အသံဖိုင်ကို ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ နေရာပြန်လည်ချထားရေးတွေ မစတင်ရသေးဘူး၊ ကျွန်တော်တို့ နိုင်ငံထဲ ဒုက္ခသည်အဖြစ် ခိုလှုံတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အများအပြားကို ကိုင်တွယ်ဖြေရှင်းနေရတယ်၊ နောက်ထပ် ရိုဟင်ဂျာ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော်တို့ လက်ခံတော့မှာ မဟုတ်ဘူး”ဟု မိုမန်က ပြောပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် နယ်ခြားစောင့်တပ် BGB တို့က နယ်စပ်တစ်လျှောက်တွင် တပ်လှန့်အသင့် ရှိနေသည်ဟု ဖြည့်စွက်ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ၌ ဖိနှိပ်ခံ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကို လက်ခံထားရပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်တွင် လူမျိုးတုံး သတ်ဖြတ်မှုမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်နှင့် ကပ်လျက် မြန်မာနိုင်ငံက တောင်ထူထပ်သော တောများတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ 

“ဒါဟာ မြန်မာရဲ့ ပြည်တွင်းရေးပါ၊ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲနဲ့ no man’s land ဇုန်ထဲ မော်တာကျည်တွေ ကျရောက်ပေါက်ကွဲဟာ မတော်တဆ ဖြစ်တာပါလို့ သူတို့ဘက်က ကျွန်တော်တို့ကို အာမခံပြောလာပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ၂၀၁၇ ဩဂုတ်မှစပြီး နိုင်ငံမဲ့ ရိုဟင်ဂျာ ၄,၅၀၀ နီးပါး ရှိနေရာ no man’s land ထဲ မြန်မာစစ်တပ် ပစ်ခတ်သည့် မော်တာကျည် ကျရောက်ပေါက်ကွဲ၍ ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးကာ အခြားသူ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

မြန်မာစစ်တပ်၏ အကြိမ်ကြိမ် နယ်စပ်ဖြတ်ကျော်လာသည့် လက်နက်ကြီး ပစ်ခတ်မှုအကြောင်း မေးမြန်းသည်ကို အိမ်နီးချင်း နိုင်ငံ၏ မည်သို့သော စစ်ပွဲအတွင်းမဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပါဝင်ရန် အစီအစဉ် မရှိကြောင်းနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို သံတမန် လမ်းကြောင်းများမှပဲ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required