မတည်ငြိမ်သည့် ထိုင်းတောင်ပိုင်း၌ လမ်းဘေးဗုံး ပေါက်ကွဲကာ ရဲ ၁ ဦး သေဆုံး 

မတည်ငြိမ်သည့် ထိုင်းတောင်ပိုင်း၌ လမ်းဘေးဗုံး ပေါက်ကွဲကာ ရဲ ၁ ဦး သေဆုံး 

စက်တင်ဘာလ ၂၁ ရက်

ထိုင်းနိုင်ငံက တည်ငြိမ်မှု ကင်းမဲ့ရာ တောင်ပိုင်းစွန်းတွင် လမ်းဘေးဗုံး ပေါက်ကွဲသဖြင့် ရဲတာဝန်ရှိသူ တစ်ဦး သေဆုံးကာ အခြား သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ပတ်ဌာနီပြည်နယ်၊ မယ် ကာယန်ခရိုင်က ဈေးဆိုင်ဟောင်းတစ်ခုနားက လမ်းဘေးတွင် အင်္ဂါနေ့ ညပိုင်းက ယခု တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ရဲမှူး ဝါဆူဝတ် ကောင်တက်က ပြောသည်။ 

ရဲတာဝန်ရှိသူ လေးဦးစလုံးကို ကုသရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ထိုင်းတောင်ဘက်စွန်းပိုင်း ပြည်နယ်များတွင် မွတ်စလင်အများစု ဒေသများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေး တိုက်ပွဲဝင်လာခြင်းကြောင့် ၂၀၀၄ ခုနှစ်ကစပြီး ပဋိပက္ခများ တငွေ့ငွေ့ ဖြစ်ပွားပြီး လူပေါင်း ၇,၀၀၀ ကျော်ထက်မနည်း သေဆုံးသည်။ 

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်း၌ ယခု ဗုံးကွဲမှု ဖြစ်ရာသို့ ရဲများက လာရောက်စစ်ဆေးခဲ့ကြသည်။ 

ပေါက်ကွဲမှုကြောင့် ရဲကားသည် ဓာတ်တိုင်ကို ဝင်တိုက်ခြင်းဖြစ်သည်ဟု ဌာနေမီဒီယာက ဖော်ပြသည်။ 

ထိုင်းလုံခြုံရေးတပ်များ အစောင့်အကြပ် ထူထပ်စွာ ထားရှိရသည့် တောင်ပိုင်းဒေသများသည် ဗုဒ္ဓဘာသာ အများစု ထိုင်းနိုင်ငံနှင့် ယဉ်ကျေးမှုအရ ကွဲပြားခြင်း ရှိနေသည်။ 

ပြီးခဲ့သည့် လအတွင်း၌ ပတ်ဌာနီ၊ ယာလာနှင့် နာရာသီဝတ်တို့က ဆီဆိုင်များရှိ ကုန်စုံဆိုင်များကို ပစ်မှတ်ထား မီးရှို့တိုက်ခိုက်မှု၊ ဖောက်ခွဲမှုများ တစ်ဒါဇင်ထက်မနည်း ဖြစ်ပွားပြီး လူ ခုနစ်ဦး ထိခိုက်မှု ရှိခဲ့သည်။ 

COVID-19 ကပ်ဘေးကြောင့် သူပုန်များနှင့် စစ်တပ်ကြားက တောင်ပိုင်းတိုက်ပွဲများ ခေတ္တစဲခဲ့သော်လည်း ပြီးခဲ့သည်နှစ် အောက်တိုဘာလအတွင်း ခြောက်ရက်ကြာ တိုက်ပွဲအတွင်း လူ ခြောက်ဦး သေဆုံးခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly