ဘုရားရှိခိုးနေစဉ် အိပ်ငိုက်သော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်အရာရှိက ရုံးခန်းခေါ်ပြီး ရိုက်နှက်

ဘုရားရှိခိုးနေစဉ် အိပ်ငိုက်သော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်အရာရှိက ရုံးခန်းခေါ်ပြီး ရိုက်နှက်

စက်တင်ဘာလ ၂၁ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ တရားစခန်းအဆောင်တွင် ဘုရားရှိခိုးနေစဉ် အိပ်ငိုက်သော နိုင်ငံရေးအကျဉ်းသား လေးဦးကို နှစ်ပွင့်နှင့် အကျဉ်းထောင်အရာရှိ သော်ဇင်ထိုက်က ရုံးခန်းခေါ်ပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ယုံကြည်ရသော အင်းစိန်ထောင်တွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

အင်းစိန်အကျဉ်းထောင် တရားစခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၄ နာရီအချိန်က အကျဉ်းသားများ ဘုရားရှိခိုးနေစဉ် နိုင်ငံရေးအကျဉ်းသား လေးဦး ထိုသို့ ရိုက်နှက်ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ပွင့်နှင့် ထောင်အရာရှိ သော်ဇင်ထိုက်သည် ထောင်အဆောင် (၂) မှ တရားစခန်းအဆောင်သို့ စက်တင်ဘာလဆန်းပိုင်းက ပြောင်းရွှေ့လာသူဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များသည် အကျဉ်းသားများအား ထိုသို့ လူသားမဆန်သည့် အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များ မကြာခဏ ကျူးလွန်လေ့ ရှိသည်ဟု ထောင်တွင်းမှာ ၂၃ နှစ်ကြာ အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အကစ (အကျဉ်းဦးစီး) အရာရှိတွေက သူတို့ ရောက်လာရင် အပြစ်မရှိ အပြစ်ရှာပြီး အဆောင်ကလူတွေကို ဦးချိုးတာ၊ ထောင်ထဲမှာ အဲလိုမျိုးတွေ ရှိတယ်၊ နှစ်ပွင့်နဲ့ဆိုတာ ထောင်မှူးကြီးပေါ့၊ သူတို့က ထောင်မှူးလို့ပဲ ရောပြီးခေါ်တာ” ဟု အထက်ပါ နိုင်ငံရေး အကျဉ်းသားဟောင်းက ပြောသည်။

ယခင် အာဏာမသိမ်းခင် ကာလများတွင် ထောင်တွင်း တရားစခန်းအဆောင်၌ တရားစခန်းသီးသန့်ဖွင့်သော်လည်း အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများပြားကာ လူပြည့်ကျပ်နေသည့်အတွက် တရားစခန်းအဆောင်မှာပါ အကျဉ်းသားများ ပြောင်းရွှေ့နေထိုင်ရသည့် အခြေအနေဖြစ်သည်ဟု ထောင်းတွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် အကျဉ်းထောင်များတွင် အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုများက စတင်ပြီး ထိုသို့ရိုက်နှက် ညှဥ်းပန်း နှိပ်စက်ခံရမှုများစွာရှိနေပြီး ယင်းသို့လုပ်ရပ်များကို မသိကျိုးကျွံပြုပြီး လွတ်လွတ်လပ်လပ် ကျူးလွန်နိုင်အောင် စစ်အုပ်စုက ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP အဖွဲ့ဝင်တစ်ဦးကလည်း မဇ္ဈိမကို ပြေသည်။

“လက်ရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ အရမ်းများတဲ့အခါမှာ ရေလုံလောက်စွာ သုံးစွဲခွင့် မရနိုင်ဘူး၊ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် ညံ့ဖျင်းနေပြီ၊ ဒါတွေက တကယ်ကို အခြေခံ အခွင့်အရေး ချိုးဖောက် ခံရတာတွေ ဖြစ်တယ်။ အဲဒီအပြင် နိုင်ငံရေး အကျဉ်းသား ဖြစ်တဲ့အတွက် ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မတရား ရိုက်နှက်တာတွေ မတရားသဖြင့် အလုပ်ကြမ်းတွေ ခိုင်းစေတဲ့ ကိစ္စတွေ ရှိတယ်” ဟု AAPP အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ပုသိမ်အကျဉ်းထောင်၌ ကွမ်းစားဆေးရွက်များ မိတယ်ဆိုပြီး အကျဉ်းသားနှစ်ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှု ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် ထောင်တွင်းကန့်သတ်မှု တစ်ခုခုကို ကျူးလွန်သော နိုင်ငံရေးအကျဉ်းသားများကို ရက်အကန့်အသတ်မရှိ ခြေကျင်းခတ်မှုများ ပြုလုပ်နေကြောင်းလည်း ပုသိမ်ထောင်နှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံက အကျဉ်းထောင်များအတွင်း ၀င်ရောက်လေ့လာခွင့် နှင့် အကျဉ်းသားများ၏ မိသားစုဝင်များ ထောင်ဝင်စာတွေ့ဆုံခွင့်အတွက် တောင်းဆိုထားသော်လည်း စစ်ကောင်စီကခွင့်မပြုကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) က ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly