သာကေတမြို့နယ် ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

စက်တင်ဘာလ ၂၁ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် စစ်ကောင်စီတပ်သတင်းပေးအဖြစ်လုပ်ဆောင်နေသည့် ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Soul Takers - Yangon Underground Force က သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ် ဆိုသူအမျိုးသားကို ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရိီ ၂၀ မိနစ်အချိန်တွင် ၄/ မြောက်ရပ်ကွက် အောင်ဇေယျလမ်းနှင့် အောင်ရတနာလမ်းထောင့်ရှိ ရိုးရိုးလေး လက်ဖက်ရည်ဆိုင်အတွင်းရှိနေစဉ် ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ရှင်းလင်းခံခဲ့ရသည့် အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ဆိုသူသည် မီးသတ်ဗိုလ်မှ ရပ်ကွက်ဥက္ကဋ္ဌဖြစ်လာသူဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များရှိနေသည့်နေရာကို ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်းအပြင် ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများကို ဦးဆောင်ကာ အင်တိုက်အားတိုက် လုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးပြီးပါကလည်း စစ်မေးခြင်းများကိုပါ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်၏အားထားရသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဥိီးဝင်းဗိုလ်ကို ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ဖြင့် ကိုးချက် ပစ်ခတ်ခဲ့ကာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏ အိတ်အတွင်းမှ နံပါတ်တုတ်၊ စကားပြောစက်၊ စာရွက်စာတမ်းများနှင့် စစ်တပ်သုံး ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း Soul Takers UG အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း Soul Takers UG တပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ် အားထားရသည့် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး၊ ဒလန်များ ၊ သတင်းပေးများကိုလည်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Soul Takers - Yangon Underground Force က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly