ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်း ပစ်ခတ်ခံရ

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်း ပစ်ခတ်ခံရ

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်ရှိ လမ်းပိုင်း၌ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် ကားလေးစီးပါ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) ထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ရေဖြူဘက်မှ ဘုတ်ပြင်းမြို့နယ်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကားလေးစီးနှင့် အိမ်စီးကားတစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ပြည်ကြီးမဏ္ဍိုင်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ ဝါးဒင်းကျေးရွာနှင့် ဝါးချောင်းကျေးရွာကြား အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) မှ ဒုတပ်ရင်းမှူး မိုးကြိုးက“ကျွန်တော်တို့ သတင်းရတာ နည်းနည်း နောက်ကျသွားလို့ အချိန်မီ မပြင်ဆင်နိုင်ခဲ့ဘူး စစ်တပ် ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ပဲ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ တိတိကျကျ မသိလိုက်ရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်တိုက်မှုသည် နန်းထိုက်အောင်စစ်ဆင်ရေး အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်ခံရသည့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရ သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required