NUG နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှား ထပ်မံတိုက်တွန်း

NUG နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှား ထပ်မံတိုက်တွန်း

September 20

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေးအလို့ငှာ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ထပ်မံ တိုက်တွန်းလိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက်က NUG အစိုးရခေါင်းဆောင်များနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း အာဆီယံကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မလေးရှားဝန်ကြီးသည် နယူးယော့ခ် ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပတွင် NUG အစိုးရ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့နှင့် တွေ့ဆုံစည်းဝေးခဲ့ခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ရရှိစေမည့် ရှင်းလင်းသေချာသော အဆုံးသတ်လုပ်ငန်းစဉ်တစ်ခု ရှိသည့် မူဘောင်တစ်ခုကို အသုံးပြုသင့်ကြောင်းနှင့် NUG ၊ NUCC အပါအဝင် အဓိက သက်ဆိုင်ပတ်သက်သူများ ပါဝင်ပြီး အားလုံးပါဝင်၊ တရားမျှတသော ညှိနှိုင်းဆွေးနွေးမှုတစ်ခုမှတစ်ဆင့် အဆုံးသတ်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ရမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးက ပြောသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သော မြန်မာ သက်ဆိုင်ပတ်သက်သူများ ပါဝင်သည့် ကျယ်ပြန့်သော အဖွဲ့တစ်ခုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီစနစ်တစ်ခုကို ပုံဖော်ရန် ကူညီလုပ်ဆောင်နေသည်။

မြန်မာအတွက် အသွင်ကူးပြောင်းမှု အစီအစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးခြင်းလည်း ပါဝင်နိုင်ကြောင်း မစ္စတာ ဆိုင်ဖူဒင်က ပြောသည်။

“ပြီးတော့ တကယ်လို့ နောက်ထပ် ရွေးကောက်ပွဲတစ်ခု လုပ်ဖို့ လိုတယ်ဆိုရင်လည်း သေချာတာကတော့ အဲဒီ ရွေးကောက်ပွဲဟာ အခုအာဏာသိမ်းစစ်တပ် ကြေညာထားတဲ့ ရွေးကောက်ပွဲတော့ မဖြစ်ရပါဘူး။ သက်ဆိုင်ပတ်သက်သူအားလုံး သဘောတူတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ရပါမယ်”

မစ္စတာ ဆိုင်ဖူဒင်သည် NUG နှင့် ထိတွေ့ဆက်ဆံရန် ထောက်ခံအားပေးသည့် အကျယ်လောင်ဆုံး ထုတ်ဖော်ပြောဆိုသူလည်းဖြစ်သည်။

ယခု တနင်္လာနေ့ အစည်းအဝေးသည် ၎င်းနှင့် NUG ခေါင်းဆောင်များ ဒုတိယအကြိမ် လူသိရှင်ကြား တွေ့ဆုံသည့် အစည်းအဝေးဖြစ်ပြီး ဤမတိုင်မီ ပြီးခဲ့သည့် မေလကလည်း ၎င်းသည် ဝါရှင်တန်ရှိ အမေရိကန်-အာဆီယံ ထိပ်သီးတွေ့ဆုံပွဲ ပြင်ပတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံခဲ့သေးသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required