ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချဟု Save the children ဆို

ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချဟု Save the children ဆို

September 20

မဇ္ဈိမ။ ။ကလေးငယ် ၁၁ ဦးသေဆုံးခဲ့သည့် ဒီပဲယင်းရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချဟု ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် Save the children က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း တိုက်ခိုက်ခံခဲ့ရမှုတွင် အနည်းဆုံး ကလေးသူငယ် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများ ကြားသိရသည့်အပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိသည်ဟု Save the children ကဆိုသည်။

ထိုသို့ တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက် ဝမ်းနည်းရကြောင်းကို အလေးအနက် ပြောကြားလိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု သီတင်းပတ်အတွင်း နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် တွေ့ဆုံကြမည့် ကမ္ဘာတစ်ဝန်းမှ အစိုးရခေါင်းဆောင်များသည် အဆိုပါ တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး ရာဇဝတ်မှုကျူးလွန်သူများ တာဝန်ခံယူမှု ရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဆောင်ရွက်ရန် Save the children က တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အမြန်ဆုံး အစည်းအဝေးခေါ်ယူရန်နှင့် ဘေးကင်းစွာ ပညာသင်ကြားခွင့်အပါအဝင် ကလေးသူငယ် အခွင့်အရေးများအားလုံးကို အကာအကွယ်ပေးနိုင်သည့် ဆုံးဖြတ်ချက်တစ်ခုချမှတ် နိုင်ရန်ကိုလည်း ကျွန်ုပ်တို့ တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အာဆီယံအနေဖြင့်လည်း အရေးယူ ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုက်ပြီး ထိရောက်သော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် “ယခု ကဲ့သို့သောအဖြစ်အပျက်မျိုး မည်မျှထပ်မံဖြစ်ပွားရဦးမည်နည်း" ဟု Save the Children ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hassan Noor Saadi က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်၍ စစ်‌ကြောင်းဖြင့် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း Save the children ၏ ထုတ်ပြန်ချက်တွင် မည်သူက ပြုလုပ်ခဲ့သည် ဆိုသည့်အကြောင်းကိုမူ ရေးသားထားခြင်း

မရှိပေ။

ပုံစာ - လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းကို စက်တင်ဘာလ ၁၆ရက်က စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများ

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ဒီပဲယင်းမြို့နယ်

#စာသင်ကျောင်း

#ကလေးငယ်၁၁ဦးသေဆုံး

#အပြင်းထန်ဆုံးကန့်ကွက်

#Savethechildren

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required