ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးကို နောက်ဆုံးအကြိမ် နှုတ်ဆက်ရန် ဗြိတိန်နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပြင်ဆင်

ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးကို နောက်ဆုံးအကြိမ် နှုတ်ဆက်ရန် ဗြိတိန်နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပြင်ဆင်
Photo - AFP

စက်တင်ဘာ ၁၉

ဗြိတိန်၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာတစ်ဝန်းမှ တော်ဝင်မိသားစုများသည် စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်သော ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ တုမပနိုင်လောက်အောင် ခံ့ညားထည်ဝါသော နိုင်ငံတော်ဈာပနအခမ်းအနား၌ ဘုရင်မကြီးကို နောက်ဆုံးအကြိမ် နှုတ်ဆက်သွားကြတော့မည် ဖြစ်သည်။

လန်ဒန်၏ သမိုင်းဝင် ဝက်စ်မင်စတာ ခန်းမ၌ ထားရှိသော ဗြိတိန်၏ နန်းသက်အရှည်ဆုံးဖြစ်သည့် ကွယ်လွန်သူ ဘုရင်မကြီး၏ ခေါင်းတလားကို ဂါရဝပြုရန် လေးရက်တာအတွင်း လူပေါင်း သိန်းချီ တန်းစီခဲ့ကြပြီးနောက် ဒေသစံတော်ချိန် မနက် ၆ နာရီ ခွဲတွင် အဆိုပါ တရားဝင် ဂါရဝပြုခံသည့် အစီအစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ကမ္ဘာတစ်ဝန်းမှ အခြားလူအများအပြားကဲ့သို့ပင် ၎င်းတို့သည်လည်း ဗြိတိန်ထီးနန်းကို ဆယ်စုနှစ် ခုနစ်စုကြာ စိုးစံခဲ့သည့် အသက် ၉၆ နှစ်ရှိ ဘုရင်မကြီးကို ဂါရဝပြုချင်ခဲ့ကြသည်။

“သူမ (ဘုရင်မကြီး) နှစ် ၇၀ ကြာအထိ ထီးနန်းစိုးစံတာကို တွေ့ရတဲ့အတွက် ခင်ဗျားတို့ ကံကောင်းခဲ့ပါတယ်” ဟု ဘိုင်ဒင်က ပြောသည်။ “ကျွန်တော်တို့အားလုံးလည်း ဒီအတိုင်းပါပဲ”

ဗြိတိန် သရဖူနှင့်အတူ တော်ဝင်အဆင့်အလံ လွှမ်းခြုံထားသည့် ဝက်သစ်ချသား ခေါင်းတလားကို ဒေသစံတော်ချိန် မနက် ၁၁ နာရီ မတိုင်မီ ရထားလုံးတစ်ခုပေါ် တင်ဆောင်ကာ သူမ၏ ဈာပနအခမ်းအနားအတွက် ဝက်စ်မင်စတာ ဘုရားကျောင်းသို့ ရေတပ်အမှုထမ်းများက ဆွဲသွားကြမည် ဖြစ်သည်။

ဈာပနပွဲ တက်မည့် ဧည့်ပရိသတ်ပေါင်း ၂,၀၀၀ ခန့်တွင် အမေရိကန်သမ္မတ ဘိုင်ဒင်၊ ဂျပန်ဘုရင် နာရူဟီတို၊ တရုတ် ဒုသမ္မတ ဝမ် ကျီရှန်း နှင့် တောင်အာဖရိက သမ္မတ ဆိုင်ရီလ် ရာမာဖိုဆာ တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၅၀၀ ခန့်လည်း ပါဝင်မည် ဖြစ်သည်။

ဘုရင်မကြီး၏ မြစ်တော်များဖြစ်ကြသည့် အသက် ကိုးနှစ်အရွယ် မင်းသား ဂျော့ဂျ် နှင့် အသက် ခုနစ်နှစ်အရွယ် မင်းသမီးလေး ချားလော့တ် တို့သည်လည်း ထိုအခမ်းအနားကို တက်ရောက်ကြမည် ဖြစ်သည်။

“ပြီးခဲ့တဲ့ ၁၀ ရက်တာအတွင်းမှာ ဒီနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းလုံးကနေ မိမိတို့ဆီ ပေးပို့တဲ့ ဝမ်းနည်းကြောင်း ထုတ်ဖော်တဲ့ စကားတွေ၊ အားပေးနှစ်သိမ့်တဲ့ စကားတွေကြောင့် မိမိနဲ့ မိမိရဲ့ ဇနီးတို့ဟာ အင်မတန့်ကို နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်” ဟု အဲလိဇဘတ်၏ သားတော် ဗြိတိန်ဘုရင်သစ် ချားလ်က ထုတ်ပြန်သည်။

“မိမိတို့အားလုံးဟာ ဘုရင်မကြီးကို နောက်ဆုံး နှုတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိရာမှာ ခုလိုမျိုး ဝမ်းနည်းကြေကွဲရတဲ့ အချိန်ကာလမျိုးမှာ မိမိတို့ မိသားစုအတွက် စာနာ နှစ်သိမ့် အားပေးခဲ့ကြတဲ့ မရေမတွက်နိုင်တဲ့ လူပုဂ္ဂိုလ်အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ချားလ်က ပြောသည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်သည် စက်တင်ဘာ ၈ ရက်က သူမ၏ စကော့တလန် နွေရာသီ စံအိမ် ဘယ်လ်မိုရဲလ် ရဲတိုက်တွင် ကွယ်လွန်သွားခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ် ရှိပြီဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required