ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦး ဖမ်းဆီးခံရပြီး မိသားစုများနှင့် အဆက်သွယ်မရ

ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦး ဖမ်းဆီးခံရပြီး မိသားစုများနှင့် အဆက်သွယ်မရ

စက်တင်ဘာလ ၁၀ ရက်
 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဆီးထားသည်ဟု သိရသည်။

စက်တင်ဘာလ ၃ရက်နေ့တွင် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှ {ဒိုင်းနက်(သက္ကမ)}နှင့် မီးကျောင်းစျေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးအာမီဟူဆောင်းတို့ကို စစ်ကောင်စီမှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူတို့က ဘူးသီးတောင်မြို့ (၂၃၄)တပ် အနီး ဗျူဟာတွင် အစည်းအဝေးပြုလုပ်မည်ဟုဆိုကာ ခေါ်ယူပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သူတို့၏ မိသားစုဝင်များကပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးဖမ်းဆီးခြင်းခံသည်မှာ ရှစ်ရက်အထိရှိကြာမြင့်နေပြီး မိသားစုဝင်များနှင့်အဆက်အသွယ် မရရှိသေးဟု မိသားစုဝင်များက ပြောသည်။

“ စက်တင်ဘာလ ၃ရက်နေ့က ဗျူဟာမှာ အစည်းအဝေးရှိတယ်ဆိုပြီးခေါ်သွားတယ်၊ သူတို့ နှစ်ဦးဖုန်းထဲမှာ ရက္ခိုင့်တပ်တော် (AA)နယ်မြေခံရုံးကိုသွားကြမယ်ဆိုပြီးပြောဆိုထားတာတွေ ရှိတယ်လို့ပြောပါတယ်၊ အဲ့ဒါကြောင့် ဖမ်းသွားတယ်လို့တော့ သိရပါတယ်၊ အခုက သူတို့ကိုဖမ်းသွားတာ ရှစ်ရက်ရှိနေပြီ အဆက်အသွယ်လည်းမရဘူး၊ မိသားစုတွေကလည်းစိုးရိမ်နေကြတာပေါ့။” ဟု တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ယောက်ဖ ဖြစ်သူက ဆိုသည်။

ထိုအပြင် မီးကျောင်းစျေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းဖမ်းဆီးခံထားရသည်မှာ မှန်ကန်ကြောင်း မီးကျောင်းစျေးကျေးရွာသားတစ်ဦးကပြောသည်။

“ သူကို့ဖမ်းသွားတာကိုသိရပါတယ်၊ ဘာကြောင့် ဖမ်းဆီးသွားလည်းဆိုတာကို ကျနော်တို့ လည်းသေချာမသိရဘူး။” ဟု မီးကျောင်းစျေးကျေးရွာသားတစ်ဦးက ပြောသည်။

မောင်တောမြို့အတွင်းမှာ ဩဂုတ်လအတွင်း ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျှက်ရှိနေသည်။ ထိုအပြင် မောင်တောမြို့အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း အကြောင်းမဲ့ စစ်ကောင်စီမှဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly