မီဇိုရမ်ပြည်နယ်၊ ဖားကွန်ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်အား ဈေးဆိုင်ဖွင့်လှစ်ခွင့်မပြုတော့ဟုဆို

မီဇိုရမ်ပြည်နယ်၊ ဖားကွန်ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်အား ဈေးဆိုင်ဖွင့်လှစ်ခွင့်မပြုတော့ဟုဆို

စက်တင်ဘာလ ၁၀ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်းဖိုင်းခရိုင် ဖားကွန် (Farkawn) ကျေးရွာတွင် ကုန်းဈေးနှုန်းတည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါးမပြန့်ပွားရေးအတွက် မြန်မာစစ်ဘေးရှောင်များအား ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ပိတ်ပင်လိုက်ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များ ဈေးဆိုင်များဖွင့်လှစ်ရောင်းချလာသည့်အတွက် ကျေးရွာအတွင်း ကုန်ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်စေသည်သာမက မူးယစ်ဆေးဝါးများပြားလာသည့်အတွက် ဈေးဆိုင်များ ပိတ်ပင်ပေးရန် Village Level Committee on Myanmar Refugee သို့ Farkawn Dawr Nei Association (ဖားကွန် ဆိုင်ရှင်များအသင်း)က တင်ပြခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းတင်ပြချက်အား ကျေးရွာကောင်စီ (Village Council) က အဖွဲ့အစည်းအသီးသီးထံမှ သဘောထားများတောင်းခံခဲ့ပြီးနောက် သုံးသပ်ကာ ဈေးဆိုင်များဖွင့်ခွင့်ပိတ်ပင်လိုက်ကြောင်း Mizo Special Report အွန်လိုင်းစာမျက်နှာတွင် စက်တင်ဘာ ၈ ရက်နေ့ ၌ ဖော်ပြထားသည်။

“ ကျနော်တို့ရွာမှာ ဈေးဆိုင်ကလည်းသိပ်မများတော့ စစ်ဘေးရှောင်တွေအတွက် ထူးထူးခြားခြားထိခိုက်နစ်နာမယ်တော့မထင်ဘူး။ ဒါပေမဲ့ဆိုင်ပိုင်ရှင်တွေ ရင်းနှီးထားတာတွေတော့ ဆုံးရှုံးနိုင်ကောင်း ဆုံးရှုံးနိုင်ပါတယ်” ဟု ယင်းကျေးရွာတွင် နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးက မဇ္စျိမ သို့ပြောသည်။

ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရန် သိုလှောင်ထားသော ပစ္စည်းများကို တစ်လ အတွင်းရောင်းချပြီး ဆိုင်များကိုပိတ်သိမ်းရန်ထုတ်ပြန်အသိပေးထားကြောင်းဆိုသည်။

ဖားကွန် ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်ထဲမှဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူ ရှစ်ဦးခန့်ရှိပြီး အဝတ်အထည်၊ ဆိုင်ကယ်အပိုပစ္စည်း ၊ ဓာတ်ဆီ ၊ ဆံသ နှင့် ကုန်စိမ်း ရောင်းချသည့်ဆိုင်များဖြစ်ကြောင်း သိရသည်။

ဖားကွန် ကျေးရွာတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၇၈ စု၊ လူဦးရေ ၈၀၀ ကျော် နေထိုင်ပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်နေကြသည့် ကျောင်းသူ၊ ကျောင်းသား ဦးရေ၂၃၀ ခန့်ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly