ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး အပြင်းအထန်ဒဏ်ရာရ

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး အပြင်းအထန်ဒဏ်ရာရ

စက်တင်ဘာလ ၁၀ ရက်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီတပ်မတော် (KA) က ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၆၆) သည် လောက်ကိုင်နှင့် ရခိုင်တိုက်ပွဲများတွင် နာမည် ကြီးတပ်မ ဖြစ်ခဲ့သော်လည်း ကရင်နီတိုက်ပွဲများတွင်မူ ဖွဲ့စည်းပုံ ပျက်ယွင်းသည့်အထိ တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။

ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်ကူအဖြစ် တပ်ရင်း (၆) ရင်းကို ဦးဆောင်လာသည့် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ (၆၆) တပ်မမှူး မျိုးမင်း ကိုယ်တိုင် ကရင်နီပြည်နယ် တိုက်ပွဲတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး တပ်မမှူးအစားထိုးခဲ့ရကြောင်း KA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ် ဖရူးဆို တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်ရင်းမှူး တစ်ဦးကျဆုံးခဲ့ပြီး ကျန်တပ်ရင်းမှူး နှစ်ဦးမှာ အခြားတိုက်ပွဲများတွင် ဒဏ်ရာရရှိခဲ့သဖြင့် တပ်ရင်းမှူး သုံးဦးသာ ကျန်ရှိ‌နေ‌‌ကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက နောက်ထပ်တပ်ရင်းမှူးတစ်ဦးမှာလည်း အထိအခိုက်အကျအဆုံးများနေသည့် တပ်မ (၆၆) တွင် အလုပ်တာဝန် ထမ်းဆောင်လိုစိတ်မရှိ‌ကြောင်း တင်ပြခဲ့သဖြင့် နောက်တန်းပြန်ပို့ခံထားရကာ ပြစ်ဒဏ်ကျခံရနိုင်‌ကြောင်း ကရင်နီတပ်မတော်က ထုတ်ပြန်သည်။

ကရင်နီ ပြည်နယ် မိုးဗြဲမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့မှ စတင်၍ ကရင်နီတပ်မတော်အပါအဝင် PDF များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီတပ်မ‌တော်က သိမ်းဆည်းရမိခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly