ငါးသိုင်းချောင်းမြို့ မီးသွေးကုန်းကျေးရွာတွင် နေအိမ်ဓားပြတိုက်ခံရ

ငါးသိုင်းချောင်းမြို့ မီးသွေးကုန်းကျေးရွာတွင် နေအိမ်ဓားပြတိုက်ခံရ

စက်တင်ဘာလ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့၊ဒေါင့်ကြီးကျေးရွာ အုပ်စု၊ မီး သွေးကုန်းကျေးရွာတွင် စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက လူနေအိမ်တစ်အိမ် ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဓားပြတိုက်ခံခဲ့ရသည့်နေအိမ်၌ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတည်းရှိနေချိန် ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်အမျိိုးသား သုံးဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဲ့ဒီအိမ်မှာ အမျိုးသမီးတစ်ယောက်တည်း အိမ်နောက်ဖေးမှာရှိ

နေတဲ့အချိန် လူသုံးယောက်ရောက်လာပြီး ဓားပြတိုက်တာဗျ၊ တခြားအိမ်သားတွေက ဘုန်းကြီးကျောင်းကိုသွားနေတာလို့ပြောတယ်၊ လက်ကို ဓားနဲ့လှီးပြီး ရွှေငွေတွေထားတဲ့နေရာကို မေးတယ်၊ တစ်အိမ်လုံးကို မွှေရှာပြီး ရွှေငါးမူးသားနဲ့ ပိုက်ဆံတစ်သိန်းကိုယူသွားကြတယ်လို့ သိရတယ်"ဟု ဒေသခံက ဆိုသည်။

ထို့နောက် ဓားပြတိုက်သူ အမျိုးသားသုံးဦးမှာ လေးမျက်နှာမြို့ နယ်ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ထွက်ပြေးသွားကြကြောင်း၊ အမျိုးသမီးမှာ အသက်အန္တရယ် မစိုးရိမ်ရကြောင်း ဒေသခံက ဆက်လက်ပြောသည်။

လက်ရှိတွင် ဓားပြတိုက်သည့် တရားခံများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရပြီး၊ အဆိုပါ ဓားပြမှုနှင့် ပတ်သက်၍ မည်သည့် ပုဒ်မများဖြင့်အမှုဖွင့်ထားသည်ကို အတိအကျမသိရသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ငါးသိုင်းချောင်းမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်ခန့်အချိန်က အငြိမ်းစားကျောင်းဆရာမတစ်ဦးတည်း နေထိုင်သည့်နေအိမ်ကို သူခိုးများဝင်ရောက်ကာ လူကိုသတ်ပြီး ပစ္စည်းများခိုးယူခံရမှု ဖြစ်ပွားခဲ့သေးသည်။

ဧရာဝတီတိုင်းတွင် လူကိုသတ်ကာ ပစ္စည်းလုယူမှုများ၊ အိမ်ဖောက်ထွင်းခံရမှုများနှင့် ခိုးမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက တရားခံများကို ထိထိရောက်ရောက် လိုက်လံဖမ်းဆီးဖော်ထုတ်ခြင်းမရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly