တာမွေမြို့နယ် ဗညားဒလလမ်းပေါ်တွင် လက်လုပ်မိုင်းတွေ့၊ စစ်ကောင်စီတပ် လာရောက်ဖောက်ခွဲသွား

By စိုင်းခန့်
10 September 2022
တာမွေမြို့နယ် ဗညားဒလလမ်းပေါ်တွင် လက်လုပ်မိုင်းတွေ့၊ စစ်ကောင်စီတပ် လာရောက်ဖောက်ခွဲသွား

September 10

မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့၍ စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

တာမွေမြို့နယ် ဗညားဒလလမ်းမပေါ်ရှိ အ.ထ.က (၁၀) ကျောင်းနှင့် ကယ်တင်ခြင်းတပ်ဝန်းထောင့်တွင် ဖြတ်သန်းသွားလာသူတစ်ဦးက ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့၊ ညနေ ၃ အချိန်တွင် အမှိုက်ထုပ်တစ်ခုအား တွေ့ရှိခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“ဖြတ်သွားတဲ့ သူက အမှိုုက်ထုပ်တစ်ထုတ်ကို တွေ့လို့ စစ်တပ်ကို အကြောင်းကြားခဲ့တာလို့ သိရတယ်။ စစ်တပ်က ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်တော့ ဗုံးအစစ်ဖြစ်နေတယ်။ အဲ့ဒီမှာ လမ်းတွေကို ပိတ်ချလိုက်တယ်။ နေရာမှာပဲ တွေ့ရှိတဲ့ ဗုံးကို တာယာတွေ သဲတွေ အုံပြီး ဖောက်ခွဲလိုက်ကြတယ်” ဟု သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးလိုက်သည့် လက်လုပ်မိုင်းသည် ပေါက်ကွဲအားပြင်းထန်ပြီး ဖောက်ခွဲမှုပြုလုပ်သည့် အသံကျယ်လောင်စွာကြားရခဲ့ကာ အနီးအနားရှိ ရပ်ကွက်များတွင် တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လက်လုပ်မိုင်းတွေ့ရှိခဲ့သည့် နေရာသည် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မော်တော်ပီကေများ နေ့စဉ်နေ့တိုင်း မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေသည့် နေရာဖြစ်ပြီး အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ အကြား ပြောဆိုမှုများ ရှိနေသည်။

“လက်လုပ်မိုင်းတွေတဲ့ နေရာမှာ မော်တော်ပီကေတွေ ရဲတွေက အမြဲတမ်း ယာဉ်လာ လာစစ်တယ်။ မနက်ကတောင် လာစစ်ကြသေးတယ်။ သူတို့ကို တိုက်ခိုက်ဖို့ ထောင်ထားတာ ဖြစ်မယ်ထင်တယ်။ ညနေက လက်လုပ်မိုင်း တွေ့တဲ့အချိန်မှာတော့ သူတို့ မရှိကြတော့ဘူး” ဟု တာမွေ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းကို ဖောက်ခွဲရှင်းလင်းပြီးနောက် အနီးပတ်ဝန်းကျင်တွင် စစ်ဆေးမှုအချို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က အင်အားများစွာဖြင့် လုံခြုံရေးတင်းကျပ်ကာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ အားကောင်းနေဆဲဖြစ်ကာ မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများလည်း မကြာခဏ ကြုံတွေ့နေရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#တာမွေမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#လက်လုပ်မိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly