ဆိုးဝါးသည့် ရေကြီးမှုဖြစ်ပွားနေသောကြောင့် စားနပ်ရိက္ခာ ရှားပါးမှုကြုံတွေ့နိုင်ကြောင်း ပါကစ္စတန်ဝန်ကြီး သတိပေး

By Zee5
10 September 2022
ဆိုးဝါးသည့် ရေကြီးမှုဖြစ်ပွားနေသောကြောင့် စားနပ်ရိက္ခာ ရှားပါးမှုကြုံတွေ့နိုင်ကြောင်း ပါကစ္စတန်ဝန်ကြီး သတိပေး

ပါကစ္စတန်နိုင်ငံတွင် အဆိုးဆုံးသော မုတ်သုံရာသီ ရေကြီးမှုများနှင့် ဆက်လက် ရင်ဆိုင်နေရစဉ် မဝေးလှသည့် ရှေ့ကာလတွင် နိုင်ငံသည် စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း စီမံကိန်းနှင့် အထူးအစီအစဉ်များဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး အက်ရှ်ဆန် အစ်ခ်ဘဲလ်က ဩဂုတ် ၂၉ ရက်တွင် သတိပေးလိုက်သည်။

ရေကြီးမှုများကြောင့် လက်ရှိတွင် နိုင်ငံတစ်ဝန်းလုံး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သလို နိုင်ငံကို ပြန်လည်တည်ဆောက်ရန်နှင့် ပြန်လည်ထူထောင်ရန် ၅နှစ်မျှ အချိန်ယူရနိုင်ကြောင်း ပါကစ္စတန်ဝန်ကြီးက ပြောကြားခဲ့သည်ဟု Geo News က ဖော်ပြသည်။

ပြည်သူများ၏ အလုပ်အကိုင်အားလုံး ဆုံးရှုံးခဲ့ရသည့် ယခုရေဘေးဒုက္ခသည် ၂၀၁၀ ပြည့်နှစ်က နိုင်ငံတွင် ကြုံတွေ့ခဲ့သည့် ရေကြီးမှုထက်ပင် ပိုမို ဆိုးကြောင်း အစ်ခ်ဘဲလ်က ပြောသည်။ ၂၀၁၀ ရေကြီးမှုဖြစ်ပေါ်ခဲ့စဉ်က ကုလသမဂ္ဂသည် ယင်း၏ အကြီးဆုံးသော သဘာဝဘေးဒုက္ခဆိုးဆိုင်ရာ ကူညီကယ်ဆယ်ရေး ရန်ပုံငွေ မေတ္တာရပ်ခံချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်တွင် သမိုင်းတစ်လျှောက် စံချိန်တင် မုတ်သုံမိုးကြီးမှုကြောင့် မကြုံစဖူး ရုတ်တရက် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် လမ်းများ၊ သီးနှံစိုက်ခင်းများ၊ အခြေခံအဆောက်အအုံနှင့် တံတားများ ရေတိုက်စားခံရပြီး နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပေါင်း သောင်းချီအပေါ် ထိခိုက်စေခဲ့သည်။

ပါကစ္စတန်အစိုးရသည် ရေကြီးမှုကြောင့် နိုင်ငံတကာထံမှ အကူအညီ တောင်းခံထားသလို နိုင်ငံအချို့ကလည်း အကူအညီ အထောက်အပံ့များနှင့် ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ပို့ဆောင်ပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required