NUG အစိုးရကို အားပေးထောက်ခံပံ့ပိုးသွားမည်ဟု ချက်နိုင်ငံခြားရေးဝန်ကြီး‌ ပြောကြား

NUG အစိုးရကို အားပေးထောက်ခံပံ့ပိုးသွားမည်ဟု ချက်နိုင်ငံခြားရေးဝန်ကြီး‌ ပြောကြား

စက်တင်ဘာလ ၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အားပေးထောက်ခံပံ့ပိုးသွားမည်ဟု ချက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီပ့ါဗ်စကီး ( Mr. Jan Lipavský ) က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးတည်ရှိရာ Černínský Palác ရှိ ဝန်ကြီး၏ ဧည့်ခန်းမတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး တွေ့ဆုံရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ချက်အစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုခဲ့သလို တတိယ အကြိမ်ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုလည်း အသိအမှတ် ပြုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှုကိုလည်း စတင်ဖွဲ့ စည်းကတည်းက ကြိုဆိုခဲ့သည်။ ယခုတွင်လည်း NUG အစိုးရကို နိုင်ငံရေးအရ အားပေးထောက်ခံ ပံ့ပိုးသွားမည်ဟု ချက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ချက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခြင်းကို ချက်အစိုးရအနေဖြင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့ပြင် မကြာသေးမီက ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ လွှတ်တော်အမတ် ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေး ဦးအပေါ် ကြိုးပေးသတ်ဖြတ်မှုကို လည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။ နောက်ထပ် ကြိုးပေးသတ်ဖြတ်မည့်လုပ်ရပ်များ ဆက်လက်မဖြစ်ပေါ်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံများနှင့်အတူ တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆက်လက် ‌ပြောကြားခဲ့သည်။

ထို့နောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်အစိုးရသည် NUG အစိုးရအား ကမ္ဘာပေါ်တွင် ပထမဆုံးသော လူသိထင်ရှား အသိအမှတ်ပြု၍ ကျေးဇူးတင်ရှိသည်။ ချက်နိုင်ငံသည် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ရပ်တည်ကြောင်း ပထမဆုံး ထုတ်ပြန်ခဲ့သလို သမ္မတဟောင်း ဗားကလပ်ဗ်ဟာဗဲလ် လက်ထက် ကတည်းက မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် အစဉ်တစိုက် အားပေး ထောက်ခံသည့်အတွက် ကျေးဇူးတင်ရှိပါသည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ NUG နိုင်ငံခြားရေးဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ချက်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီများကို ပိုမိုအားပေး ထောက်ခံပေးရေး တို့ကို ‌ဆွေးနွေးခဲ့သည်။

ဓာတ်ပုံ ။ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly