နိုင်ငံခြားငွေဖြင့်ရရှိသည့် သင်္ဘောသားများ၏ လစာငွေအား အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ် ညွှန်ကြား

နိုင်ငံခြားငွေဖြင့်ရရှိသည့် သင်္ဘောသားများ၏ လစာငွေအား အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ် ညွှန်ကြား

စက်တင်ဘာလ ၉ ရက်

နိုင်ငံခြားငွေဖြင့်ရရှိသည့် မြန်မာသင်္ဘောသားများ၏ လစာငွေအား အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သင်္ဘောသားများ၏ နိုင်ငံခြားငွေစုဘဏ်စာရင်းသို့ ဝင်ရောက်လာသည့်နိုင်ငံခြားလစာငွေအား ဧရာဝတီဘဏ် အနေဖြင့် ဘဏ်အတွင်း ငွေကြေးအရောင်းအဝယ် ငွေလဲလှယ်နှုန်းဖြစ်ပေါ်နေသည့် နေ့စဉ်နှုန်းထားများအရ အမြင့်ဆုံးနှုန်းထားဖြင့် ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ကြောင်း ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သင်္ဘောသားများ အနေဖြင့် ဧရာဝတီဘဏ်၏ ငွေစုဘဏ်စာရင်းမှ မိမိ၏နိုင်ငံခြား လစာ ငွေအား အခြားဝယ်ယူသူထံသို့ တိုက်ရိုက်ရောင်းချခွင့်ရှိသော်လည်း မိမိငွေစု ဘဏ်စာရင်းသို့ နိုင်ငံခြားငွေလက်ခံရရှိသည့်နေ့မှစတင်၍ ၂၁ ရက်အတွင်း အပြီးအပိုင်လွှဲ ပြောင်းရောင်းချရမည်ဟု ဆိုထားသည်။

ထို့ပြင် လစာငွေအား မိမိကိုယ်ရေးကိုယ်တာကိစ္စရပ်များဖြစ်သည့် နိုင်ငံခြားတွင် ကျောင်းတက်နေသည့် သားသမီးများအတွက် ကျောင်းစရိတ်ပေးပို့ရန်ကိစ္စ၊ နိုင်ငံခြားသို့ ထွက်ခွာ၍ ဆေးကုရန်ကိစ္စရပ်များအတွက်ကိုမူ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ ဧရာဝတီဘဏ်မှ တဆင့်လျှောက်ထား၍ ခွင့်ပြုမိန့်ရယူပြီးမှသာ နိုင်ငံခြားသို့ပေးပို့၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တကယ်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခွင့်ပြုမိန့်ပြန်ယူရမယ့် အခြေအနေဖြစ်နေတယ်။ စကစဘက်က သတ်မှတ်ထားတာ တစ်ဒေါ်လာ ၂၁၀၀ နှုန်းပဲ အပြင်ပေါက် ဈေးနဲ့ အရမ်းကွာတယ်။ အမြင့်ဆုံးနှုန်းထားပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒေါ်လာငွေကို အရ ယူချင်လို့ သက်သက်မက်လုံးပေးတာပဲ။ တကူးတကသွားမရောင်းဘူး။ ကိုယ်ရလာတဲ့ ဒေါ်လာငွေကို အပြင်မှာပဲရောင်းတယ်။ ရောင်းတဲ့အခါမှာလည်း အမှန်တကယ်လို အပ်နေတဲ့ သူကိုရောင်းတယ်။ ပြီးခဲ့တဲ့တစ်ပါတ်ကပဲ စာမေးပွဲဖြေဖို့ငွေသွင်းရမယ့် ကလေးတစ်ယောက်ကို တစ်ဒေါ်လာ ၂,၉၀၀ ကျပ်နဲ့ရောင်းခဲ့တယ်" ဟု JSM International မှ Second Officer သင်္ဘောသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ နိုင်ငံခြားလစာငွေအား ဒေသခံကိုယ်စားလှယ်ထံမှ နိုင်ငံခြားငွေဖြင့်သာ လက်ခံ ရယူပြီး မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များထံသို့ နိုင်ငံခြားငွေ ပေးသွင်းမှသာ ငွေလဲလှယ် နှုန်းမြင့်မားသည့် မြန်မာကျပ်ငွေကို ရရှိမှာဖြစ်ကြောင်း MSF က ဆိုထားသည်။

MSF အနေဖြင့် ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းကို လက်ခံခြင်း သည် မိမိ၏ သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းကို ဘဏ်မှလဲလှယ် ပေးမည့်နှုန်းထား အတိုင်း ရနိုင်မည်၊ မရနိုင်မည်ကိုမူ ခန့်မှန်းရခက်မည်ဟု အသိပေးထား ပြန်သည်။

လက်ရှိပြင်ပတွင် အမေရိကန်တစ်ဒေါ်လာလျင် ကျပ် ၃,၀၀၀ အထက်အထိ အရောင်းအဝယ် ဖြစ်နေပြီး သင်္ဘောသားလစာများအား AYA ဘဏ်အနေဖြင့် အမြင့်ဆုံး နှုန်းထားဖြင့် ဝယ်ယူမည်ဟု ဆိုထားသော်လည် မည်သည့် နှုန်းထားဖြင့် လဲလှယ်ပေး မည်ကိုမူ မသိရှိရသေးပေ။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly