ငွေလွှဲ ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင် မဖြစ်မနေ ယူဆောင်လာရန် Wave Money ထုတ်ပြန်

ငွေလွှဲ ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင် မဖြစ်မနေ ယူဆောင်လာရန် Wave Money ထုတ်ပြန်

စက်တင်ဘာလ ၉ရက်

ငွေလွှဲ၊ ငွေထုတ် ပြုလုပ်ရာတွင် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်မဖြစ်မနေယူဆောင်လာရန် Wave Money က ယမန်နေ့ စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းစဥ်များ ပိုမိုလုံခြုံ စိတ်ချရစေဖို့ Wave Money က လုံခြုံရေး အဆင်မြှင့်တင် ဆောင်ရွက်ပေးနေကြောင်း လည်းဆိုသည်။

" မှတ်ပုံတင်ယူဆောင်လာပြီးနောက် အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ရန်လိုအပ်ပြီး သို့မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်မည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ " မနေ့ကမှ ထုတ်ပြန်ချက် ထုတ်တာဆိုတော့ လက်ရှိမှာတော့ မှတ်ပုံတင်ယူဆောင်လာခိုင်းတာပဲသိရသေးတယ်။ ဘယ်လိုအချက်အလက်တွေ ဖြည့်ခိုင်းရမယ်၊ ဘာတွေမေးမြန်းရတယ်ဆိုတာတော့ Wave Money ဘက်က အတည်ပြု ဆက်သွယ်လာတာမျိုးမရှိသေးပါဘူး" ဟု မိတ္ထီလာမြို့ရှိ Wave Money ကိုယ်စားလှယ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

Mobile ငွေကြေးဝန်ဆောင်မှုများဖြစ်သည့် Wave Money , Kpay, CB Pay , AYA pay စသည်တို့မှ ငွေသွင်း၊ ငွေထုတ်သူများအား မှတ်တမ်းတင်ထားနိုင်ရန်အတွက် လျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်နှင့် CCTV တပ်ဆင်ရန် Agent ဆိုင်များကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ဩဂုတ်လ ၁၅ ရက်တွင် လျှို့ဝှက်စာဖြင့် ညွှန်ကြားထားသည်။

အဆိုပါညွှန်ကြားချက်တွင် အချက် (၁၀) ချက်ပါရှိပြီး Mobile ငွေကြေး ဝန်ဆောင်မှု လုပ်ကိုင်သည့် ကိုယ်စားလှယ်များအနေဖြင့် ငွေပို့သူနှင့် ငွေလွှဲသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ရှေ့နောက် မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့သည့် အကြောင်းအရင်း စသည့် အချက်အလက်များ အပြည့်အစုံ ရယူထားရန် ဖော်ပြထားသည်။

ထိုကဲ့သို့ညွှန်ကြားထားပြီးနောက် Mobile ငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်သည့် Wave Money က အထက်ပါအတိုင်း ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

" အခုက ကိုယ့်ငွေကို သုံးတာတောင် ကန့်သတ်ချက်တွေများလာပြီ၊ ဘယ်လိုမှ အဆင်မ‌ပြေတော့ဘူး၊ ငွေလွှဲတာ၊ ငွေထုတ်တာ ဘဏ်ကိုမသွားဘဲနဲ့ လွယ်လွယ်ကူကူ လွှဲလို့ရလို့ သုံးနေတာ၊ ဒါမျိုးလုပ်လာတော့ အဆင်မ‌ပြေတော့ဘူး" ဟု Wave money အသုံးပြုသူတစ်ဦးကလည်း ‌မှတ်ချက်ပြုသည်။

Wave money ကို ယခင်က တယ်လီနောအုပ်စုက ပိုင်ဆိုင်ခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဦးသိမ်းဝေ၏ ရိုးမကုမ္ပဏီသို့ အစုရှယ်ယာများကိုရောင်းချခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly