ကလေးမြို့တွင် သီလရှင်ကျောင်းသို့ ဆွမ်းကပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့တွင် သီလရှင်ကျောင်းသို့ ဆွမ်းကပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စက်တင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီး ရှိ သာသနာပြုသီလရှင်ကျောင်းတွင် ဆွမ်းကပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

သီလရှင်ကျောင်းသို့ ဆွမ်းကပ်ရန်လာရောက်သည့် စစ်ကောင်စီတပ်ကို ဆွမ်းကပ်ပြီး အပြန် ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် Operation MoMo- Kalay အဖွဲ့နှင့် Kalay PDF မိုင်းအဖွဲ့က မိုင်းသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

''ချမ်းမြေ့အောင်စည် လမ်းမပေါ်ရှိတဲ့သီလရှင်ကျောင်းမှာ သူတို့ကဆွမ်းကပ်လာကြတာ။ အဲဒီဆွမ်းကပ်လာတဲ့ကားကို မိုင်းဆွဲလိုက်တာ။ မိုင်းကတော်တော်ထိသွားတယ် ထင်တယ်။ အထိအခိုက်အတိအကျတော့မသိရသေးပါဘူး။ အဲ့ဒီကားမှာ ဗိုလ်မှူးတစ် ယောက်ပါတယ်လို့ ကြားတယ်'' ဟု Operation MoMo အဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သည် သီလရှင်ကျောင်းအနီး ဝန်းကျင်တွင် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်သည် မွန်းလွဲ ၁ နာရီအထိ ချမ်းမြေ့အောင်စည်လမ်းပေါ်တွင် ဖြတ်သန်းသွားသည့် မော်တော်ဆိုင်ကယ်များ နှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီး ခဲ့သည်။ စစ်ကောင်စီတပ်သည် ရိပ်သာနှင့် သီလရှင်ကျောင်းအနီးတစ်ဝိုက်တွင် လုံခြုံရေးကင်းများချထားခဲ့ပြီး အဆိုပါလမ်းတစ်လျှောက်နှင့် အနီးရှိနေအိမ်များအထိ ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်းရှိ ကံသာယာ၊ ကံပုလဲစသည့် ကျေးရွာ များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်စိမ်းကပ်လှူခြင်း၊ ဆွမ်းကပ်ခြင်း များပြုလုပ်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဘာသာရေးကို အသုံးချခြင်းဖြစ်ပြီး သာသနာအတွက်အရေးပေးနေသည့် အဖွဲ့အစည်းသဖွယ် ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များနှင့် လူမှုကွန်ရက်များတွင် ဝါဒဖြန့်ဖော်ပြရေးသားလေ့ရှိ သည်ဟု Operation MoMo အဖွဲ့မှ ရဲဘော်က ဆိုသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ရာတွင် ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ ဒကစမှူး သန့်ဇင်ဦးနှင့် ကျီကုန်းတပ်နယ်မှုး နိုင်ဝင်းအောင်တို့ ကိုယ်တိုင်လိုက်ပါလေ့ရှိကြောင်း သိရသည်။

ယခုအကြိမ် မြို့ပေါ်ရပ်ကွက်ရှိ သီလရှင်ကျောင်းသို့ ဆွမ်းကပ်လာရောက်ရာတွင် မည်သူပါဝင်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးသော်လည်း ရာထူးကြီးပိုင်းပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ယခုကဲ့သို့ ကင်းပုန်းအများ အပြားချထား၍ တင်းကျပ်စွာစစ်ဆေးခြင်းဖြစ်သည်ဟု Operation MoMo အဖွဲ့က ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်ရှိ လမ်းမပေါ်တွင် စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်ကို Operation MoMo- Kalay အဖွဲ့နှင့် Kalay PDF မိုင်းအဖွဲ့က ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly