ကုန်သည်များက အတက်ဈေးကို စောင့်ကာ ပင်လယ်၌ ဓာတ်ငွေ့များ လှောင်ထား 

ကုန်သည်များက အတက်ဈေးကို စောင့်ကာ ပင်လယ်၌ ဓာတ်ငွေ့များ လှောင်ထား 

September 9

ဥရော၏ စွမ်းအင် လိုအပ်ချက်ကို ရုရှက ထိန်းချုပ်ကန့်သတ်ခြင်းကြောင့် ယခု ဆောင်းတွင် ဈေးနှုန်းများ မြင့်တက်မည် မျှော်လင့်ချက်အားဖြင့် ရှားရှားပါးပါး အကျိုးအမြတ် ဖော်ဆောင်ခြင်းအဖြစ် စွမ်းအင်ကုန်သည်များသည် ပင်လယ်ပြင်၌ သန့်စင်သဘာဝဓာတ်ငွေ့ LNG ကို သိုလှောင်လျက် ရှိကြသည်။ 

တစ်ချိန်တည်းမှာပင် ဥရောပ အင်အားနိုင်ငံများသည်လည်း ကုန်းတွင်း သိုလှောင်မှုများ အမြင့်ဆုံးသော ရောက်ရှိနေ၍ ကမ်းလွန်ရေယာဉ်များတွင် LNG ဓာတ်ငွေ့ သိုလှောင်မှုများကို လုပ်ဆောင်နေကြကြောင်း Bloomberg သတင်းက ကြာသပတေးနေ့တွင် ဖော်ပြသည်။ 

ယင်းအတွက်ကြောင့် ဓာတ်ငွေ့ ရေပေါ်သိုလှောင်မှုသည် နှစ်နှစ်အတွင်း အများဆုံးနှုန်းသို့ ရောက်ရှိနေကာ စက်တင်ဘာမှ စတင်ပြီး ကမ္ဘာလုံးဆိုင်ရာသိုလှောင်မှု ၁ ဒသမ ၄ သန်း တန်ချိန်ရှိကြောင်း Kpler အချက်အလက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။ ဥရောပ၊ အာရှနှင့် အလယ်အမေရိကတို့က ကမ်းလွန်များတွင် LNG ဓာတ်ငွေ့ သိုလှောင်သင်္ဘော အနည်းဆုံး ကိုးစင်းရှိသည်ဟု သတင်းက ဆိုသည်။ 

ယခု ဆောင်းတွင် ဥရောပ၌ ဓာတ်ငွေ့ဈေး မြင့်တက်ရာ၌ ငွေဖော်နိုင်မည့် အခွင့်အလမ်းအဖြစ် ရှုမြင်ကာ ကုန်သည်များသည် LNG ဓာတ်ငွေ့ကို လှောင်ထားကြခြင်း ဖြစ်သည်ဟု Bloomberg က ဆိုသည်။ 

ဥရောပတိုက်သို့ ဓာတ်ငွေ့ တင်ပို့မှုကို ရုရှက ကန့်သတ်လာ၍ ဥရောပတွင် နှစ်စမှစတင်ကာ ဓာတ်ငွေ့ဈေး ထိုးတက်လျက် ရှိပြီး ယူရိုငွေ ၃၄၀ အထက်ထိ စံချိန်တင် မြင့်တက်သည်။ ယူကရိန်းစစ်ကြောင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်ပြီး ရုရှသည် “စွမ်းအင်ကို လက်နက်သဖွယ်” အသုံးချနေသည်ဟု ခေါင်းဆောင်များက စွပ်စွဲကြသည်။ 

ရုရှနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom က ဥရောပသို့ အဓိကဓာတ်ငွေ့ တင်ပို့သော Nord Stream 1 ပိုက်လိုင်းကို အကန့်အသတ်မရှိ ပိတ်လိုက်သည့် သတင်းအားဖြင့် တနင်္လာနေ့က ပေါက်ဈေးတစ်ကြိမ်တွင် ဓာတ်ငွေ့ဈေးက ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း ဥရောပစံအမှတ် TTF အချက်အလက်အရ သိရသည်။ ရုရှ၏ ဓာတ်ငွေ့ဈေးနှုန်းကို ကန့်သတ်ရန် ဥရောပက အစီအစဉ် ချမှတ်လာမည် မျှော်လင့်ချက်ကြောင်း ကြာသပတေးနေ့တွင် ဓာတ်ငွေ့ဈေး ရှစ်ရာခိုင်နှုန်းအားဖြင့် ၁၉၆ ယူရို ဈေးကျဆင်းခဲ့သည်။ 

သို့ရာတွင် ဥရောပ၌ အပူပေးခြင်းနှင့် အခြားသော သုံးစွဲမှုများအတွက် ဝယ်လိုအား မြင့်တက်ခြင်းနှင့်အတူ ဓာတ်ငွေ့ဖြန့်ဖြူးနိုင်မှုသည် ဆောင်းလများ၌ ကျပ်တည်းနိုင်ခြေ မျှော်လင့်ရပြီး ဈေးမြင့်တက်လာနိုင်သော အလားအလာများက ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly