ဗြိတိန်ထီးနန်း ချားလ်မင်းသား ဆက်ခံ

ဗြိတိန်ထီးနန်း ချားလ်မင်းသား ဆက်ခံ

September 9

မိခင်ဖြစ်သူ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် စက်တင်ဘာ ၈ ရက်က ကွယ်လွန်သွားခြင်းနှင့်အတူ သားတော်ဖြစ်သည့် ချားလ်မင်းသားသည် ယခုအခါ ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံသည့် ဗြိတိန် ဘုရင်သစ် ဖြစ်လာခဲ့သည်။

ချားလ်မင်းသားသည် ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံရန် နှစ် ၇၀ ကျော်ကြာအထိ ဘဝတစ်လျှောက်လုံး စောင့်ဆိုင်းပြင်ဆင်လာခဲ့ရသူဖြစ်ပြီး ယင်းက ဗြိတိန်သမိုင်းတွင် နန်းမွေခံတစ်ဦးက ထီးနန်းအရိုက်အရာကို ဆက်ခံရန် အချိန်အကြာဆုံး စောင့်ဆိုင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ချားလ်မင်းသားအနေဖြင့် ဗြိတိန်ထီးနန်းအရိုက်အရာ ဆက်ခံရမှုက စိန်ခေါ်မှုများ ရှိနေလိမ့်မည်ဖြစ်သည်။ ကွယ်လွန်သွားသော မိခင်ဖြစ်သူ ဘုရင်မကြီး အဲလစ်ဇဘတ်သည် ထူးကဲစွာဖြင့် လူအများ၏ ချစ်ခင် မြတ်နိုးမှုနှင့် လေးစားခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော် သူမ ကွယ်လွန်ပြီးနောက်တွင် ဘက်ကင်ဟမ်နန်းတော် အရာရှိများအပေါ် စွဲဆိုသည့် ကာလကြာ ရှိနေခဲ့သော လူမျိုးခွဲခြားမှု စွပ်စွဲချက်များ အပါအဝင် ဂုဏ်သတင်း ညှိုးနွမ်းစွန်းထင်းသည့်ကိစ္စများနှင့် ဆက်ဆံရေး တင်းမာမှုများကို မြင်တွေ့ထားခဲ့ရသည့် တော်ဝင်မိသားစုတစ်စု ကျန်ရစ်နေခဲ့သည်။

နှစ် ၁,၀၀၀ သက်တမ်းရှိ အဆက်အနွယ်တစ်ခု၌ ထီးနန်းအရိုက်အရာကို ဆက်ခံသူများထဲတွင် အသက်အကြီးဆုံးဖြစ်သော အသက် ၇၃ နှစ်ရှိ ချားလ်ဘုရင်သည် ၎င်း၏ ဒုတိယမြောက်ဇနီး ကမ်မီလာနှင့်အတူ အထက်ပါ စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။

ရှုတ်ချပုတ်ခတ်ပြောဆိုသူများ၏ အမြင်တွင် ဘုရင်သစ်သည် အားနည်းသူ၊ စိတ်ကြီးဝင်သူ၊ လူတွင်ကျယ်လုပ်သူနှင့် ဗြိတိန်ထီးနန်းအတွက် အရည်အချင်းမပြည့်မီသူအဖြစ် ရှိနေသည်။

ထို့ပြင် သစ်ပင်များနှင့် စကားပြောခြင်း၊ ဗိသုကာပညာနှင့် သဘာဝပတ်ဝန်းကျင်အပေါ် စွဲလမ်းမှုတို့အတွက် ၎င်းသည် လှောင်ပြောင်ခံခဲ့ရမှုများ ရှိခဲ့သလို ၎င်း၏ ပထမဇနီးဦးဖြစ်သည့် ကွယ်လွန်သူ ဒိုင်ယာနာ မင်းသမီးနှင့် မခိုင်မြဲခဲ့သော အိမ်ထောင်ရေးကလည်း ကာလကြာ ဆက်နွယ်နေလိမ့်မည် ဖြစ်သည်။

ယင်းသည် ၎င်း လုပ်ဆောင်သည့် ကောင်းမွန်သည့် လုပ်ရပ်များကို မမှန်မကန် လိုရာဆွဲ ပြောဆိုခြင်းသာဖြစ်သည်ဟု ထောက်ခံသူများက ပြောသည်။ ချားလ်သည် အထင်လွဲခံရသူသာဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကဲ့သို့ နယ်ပယ်များတွင် ၎င်းသည် ခေတ်ရှေ့ပြေးသူဖြစ်ကြောင်း ထောက်ခံသူများက ပြောသည်။

ချားလ်သည် စဉ်းစဉ်းစားစား လုပ်ကိုင်တတ်သူဖြစ်ပြီး လူ့အလွှာစုံနှင့် အစုအဖွဲ့အားလုံးမှ ဗြိတိန်ပြည်သူတို့နှင့်ပတ်သက်ပြီး ပူပန်တတ်သူဖြစ်ကြောင်း ထောက်ခံသူများက ပြောသည်။ ၎င်း၏ Prince’s Trust charity ပရဟိတအဖွဲ့ဆိုလျှင်လည်း လွန်ခဲ့သည့် နှစ် ၅၀ ခန့်နီးပါးအကြာက ထူထောင်ပြီးနောက်ပိုင်း အလုပ်အကိုင်မရှိသော၊ ချို့ငဲ့သော လူငယ်တစ်သန်းကျော်ကို ကူညီပေးထားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly