ဗြိတိန်ဘုရင်မကြီး သက်တော် ၉၆ နှစ်တွင် ကွယ်လွန် 

ဗြိတိန်ဘုရင်မကြီး သက်တော် ၉၆ နှစ်တွင် ကွယ်လွန် 
Photo - AFP

September 9

ဗြိတိန်နိုင်ငံ၏ နန်းစံသက် အကြာဆုံး၊ နိုင်ငံ၏ ဥသျှောင်ဖြစ်ကာ ကမ္ဘာ့စင်မြင့်ထက် နှစ် ၇၀ ကြာ ရှိနေခဲ့သည့် ဘုရင်မကြီး အယ်လိဇဘတ် ၂ သည် စက်တင်ဘာ ၈ ရက်တွင် စကော့တလန်ရှိ ၎င်း၏ နေအိမ်၌ အေးချမ်းစွာ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ 

“ကျွန်ုပ်၏ ချစ်လှစွာသော မိခင် ဘုရင်မကြီး ကွယ်လွန်တိမ်းပါးသွားခြင်းဟာ ကျွန်တော်နဲ့ ကျွန်တော်တို့ မိသားစုဝင် အားလုံးအတွက် အလွန် စိတ်မကောင်းဝမ်းနည်းရပါတယ်”ဟု ဘုရင်မကြီး၏ သားတော် ဘုရင်သစ် ချားလ်စ်က ပြောသည်။ 

“ကျွန်ုပ်တို့အနေနဲ့ မြတ်နိုးရတဲ့ ဘုရင်မကြီး၊ ချစ်လှစွာသော မိခင်အဖြစ် ဂုဏ်ယူရင်း ဝမ်းနည်းရပါတယ်၊ ဘုရင်မကြီးကို ဆုံးရှုံးရပြီဖြစ်တဲ့အတွက် တိုင်းပြည်တစ်ခုလုံး၊ ဓနသဟယအဝန်းအဝိုင်းနဲ့ ကမ္ဘာတစ်လွှားက ပြည်သူများစွာလည်း နက်ရှိုင်းစွာ ခံစားရမယ်လို့ ကျွန်ုပ် သိပါတယ်”ဟု သက်တော် ၇၃ နှစ်ရှိ ချားလ်စ်က ထုတ်ပြန်ချက်၌ ပြောသည်။ 

ကြာသပတေးနေ့ နေ့လယ်ကျော်တွင် ဘုရင်မကြီး၏ ကျန်းမာရေး အခြေအနေက ဆိုးဝါးလာခဲ့ပြီး သူ့ ဆရာဝန်များက ဆေးဝါးစောင့်ကြည့်မှုအောက် ထားခဲ့ကာ မိသားစုကိုလည်း ချက်ချင်းပင် သူ့ဘေးသို့ ခေါ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ 

လန်ဒန်မြို့လယ်ရှိ ဘတ်ကင်ဟမ်နန်းတော်ပြင်ဘက်တွင် ပြည်သူထောင်ပေါင်းများစွာ စုရုံးရောက်ရှိပြီး နိုင်ငံတော်အလံ တစ်ဝက်လွှင့်ချိန်တွင် ငြိမ်သက်စွာ ရှိခဲ့ကြသည်။ ဘုရင်မကြီး ကွယ်လွန်ကြောင်း နန်းတော်၏ ဂိတ်တံခါးများ၌ ကြေညာချက် ထုတ်သည်ကို လူများက စုပြုံခဲ့ကြသည်။ 

ဘုရင် ချားလ်စ် (၃) နှင့် မိဖုရား ကမ်မီလာတို့သည် ဘုရင်မကြီး တိမ်းပါးခဲ့ရာ ဘယ်မိုရယ်ရဲတိုက် ဆက်လက်ရှိနေမည် ဖြစ်ပြီး သောကြာနေ့တွင် လန်ဒန်သို့ ပြန်လာမည်ဖြစ်ကြောင်း တော်ဝင်တာဝန်ရှိသူများက ပြောသည်။ လန်ဒန်သို့ ဘုရင် ချားလ်စ် ရောက်ရှိသည့်အခါ တိုင်းပြည်သို့ မိန့်ခွန်းပြောမည်ဖြစ်ကာ ဝန်ကြီးချုပ် လစ်ဇ် ပရပ်စ်နှင့် တွေ့ဆုံမည် ဖြစ်သည်။ ဘုရင်မကြီး၏ ဈာပနနှင့် ပတ်သက်သော အသေးစိတ်ကို အတည်မပြုသေးပေ။ 

ဘုရင်မကြီး အယ်လိဇဘတ် ကွယ်လွန်ခြင်းကြောင်း ချားလ်စ်သည် အလိုအလျောက် ဗြိတိန်နိုင်ငံ၏ ဘုရင်ဖြစ်လာခဲ့ပြီး ဩစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တို့အပါအဝင် ဘုရင်အုပ်စိုးသော နိုင်ငံ ၁၄ နိုင်ငံ၏ အကြီးအကဲ ဖြစ်လာသည်။ ၎င်းအနေဖြင့် လာမည့် ရက်များအတွင်း ထိုနိုင်ငံများအားလုံးသို့ သွားရောက်ဖြစ်ဖွယ် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly