အော်ရီဒူးက မြန်မာလုပ်ငန်းအား စင်ကာပူကုမ္ပဏီထံ ရောင်းချမည် 

အော်ရီဒူးက မြန်မာလုပ်ငန်းအား စင်ကာပူကုမ္ပဏီထံ ရောင်းချမည် 

စက်တင်ဘာ ၆ 

ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးက မြန်မာလုပ်ငန်းအား စင်ကာပူတွင် ရုံးချုပ်စိုက်သည့် နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ထံ ရောင်းချမည့်ဖြစ်ကြောင်း ယင်းကိစ္စကို တိုက်ရိုက်သိရှိသည့် လူသုံးဦးက ပြောသည်။ 

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရုပ်သိမ်းရန် ကြိုးစားကြချိန်မှစကာ အော်ရီဒူးသည် မြန်မာနိုင်ငံ၌ နောက်ဆုံးကျန်သော နိုင်ငံခြားပိုင် ဆက်သွယ်ရေးကုမ္ပဏီပဲ ဖြစ်သည်။ နော်ဝေက တယ်လီနောကုမ္ပဏီသည်လည်း အခက်အခဲများကြားမှ ယခုနှစ် မတ်လတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရုပ်သိမ်းသွားခဲ့သည်။ 

TOMV ကုမ္ပဏီသည် အတည်ပြုချက် ရရှိနိုင်ရေး ကျိန်းသေရန် မြန်မာနိုင်ငံတွင်းမှ ဖြစ်နိုင်ခြေရှိသော မိတ်ဘက်အချို့နှင့် ပြောဆိုဆွေးနွေးနေကြောင်း ယင်း သတင်းရင်းမြစ်များက ပြောပြီး နောက်ထပ် အသေးစိတ် ပြောဆိုခြင်း မရှိပေ။ 

ဆက်သွယ်ရေး အခြေခံ အဆောက်အအုံနှင့် နည်းပညာပေါ် ပစ်မှတ်ထားသော TOMV ကုမ္ပဏီကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက ထူထောင်ကာ ဦးစီးနေခြင်း ဖြစ်သည်။ ၎င်းသည် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ Campana Group ကိုလည်း ဦးဆောင်သူ ဖြစ်သည်။ 

ဦးမျိုးမြင့်အုန်းထံသို့ မြန်မာလုပ်ငန်းအား ရောင်းချရန် ဒိုဟာ အခြေစိုက် အော်ရီဒူးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားသော်လည်း တရားဝင်အတည်ပြုချက် မတောင်းထားရသေးကြောင်း သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။ 

အရောင်းအဝယ်သည် စည်းမျဉ်းချမှတ်ရေး အတည်ပြုချက် ရရှိမှုပေါ် မူတည်ကြောင်း ယင်းအရေးကို သိရှိသူက ဆိုသည်။ 

ဖြစ်လာနိုင်သော အရောင်းအဝယ်၏ တန်ဖိုးကိုမူ စောင့်ထိန်းရခြင်းကြောင့် နာမည်ထုတ်ဖော်ပြောရန် ငြင်းဆန်သည့် ယင်း သတင်းရင်းမြစ်များက ပြောဆိုခြင်း မရှိပေ။ 

အော်ရီဒူးသည် မြန်မာလုပ်ငန်းအား ရောင်းချရန် ဆွေးနွေးနေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာက ဇူလိုင်လအတွင်းက သတင်းဖော်ပြခဲ့သည်။ 

ထင်မြင်ချက်ပေးရန် တောင်းဆိုမှုကို အော်ရီဒူးက တုံ့ပြန်ခြင်း မရှိပေ။ 

TOMV ၏ အမှုဆောင်ဒါရိုက်တာ အလန် ဆင်းဖီးလ်က သူ့တွင် ထင်မြင်ချက်ပေးရန် အနေအထား မရှိကြောင်း ရိုက်တာသို့ ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly