မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အသိအမှတ်ပြုရေး အင်တိုက်အားတိုက်ဆောင်ရွက်ကြပါစို့

05 September 2022
မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အသိအမှတ်ပြုရေး အင်တိုက်အားတိုက်ဆောင်ရွက်ကြပါစို့

မဇ္ဈိမ အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မကြာသေးခင်က နေပြည်တော် ခရီးစဉ် လာရောက်မှုနှင့် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ တုံ့ပြန်မှုတို့ကို ကြည့်မည်ဆိုလျှင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည့် အချက်က စစ်ဗိုလ်ချုပ်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းက အလုပ်မဖြစ် ဆိုသည်ပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပြေလည်အဆုံးသတ်စေရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကုလ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ၏ ကြိုးပမ်းအားထုတ်မှုများက မြန်မာနိုင်ငံသားများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) အဖွဲ့များ၏ အပြင်းအထန် ဝေဖန်ခြင်းကိုသာ ခံခဲ့ရသည်။ မစ္စဟေဇာကို သူမ၏ ရာထူးတာဝန်ဝတ္တရားများမှ ပြန်လည် ရုပ်သိမ်းရေးနှင့် ကုလ အတွင်းရေးမှူးချုပ်ကိုယ်တိုင် စစ်ဗိုလ်ချုပ်ကြီးများအပေါ် တိုက်ရိုက် ကိုင်တွယ်ဆက်ဆံသွားရန် အဖွဲ့အစည်းရာချီက အတူတကွ စုပေါင်း လက်မှတ်ထိုး တောင်းဆိုခဲ့ကြသည်။

သို့ရာတွင် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများဘက်က ပေးသော မက်ဆေ့ချ်ကို ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။ စစ်ဗိုလ်ချုပ်ကြီးများသည် ကုလ အထူးကိုယ်စားလှယ်ကို ဝေဖန်ခဲ့သလို မြန်မာနိုင်ငံကို ငြိမ်းချမ်းမှု ရစေရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အရေးမစိုက် ဥပေက္ခာပြုနေခြင်း ဖြစ်သည်။

ဤအရာအားလုံးကနေ ညွှန်ပြနေသည်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအရပ်သားပြည်သူတို့၏ အသံဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် (NUG) ကို ထောက်ခံခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း လမ်းနောက်လိုက်ရာတွင် ပိုမို အားထုတ်မှုများ လုပ်ဆောင်သွားသင့်ခြင်းပင် ဖြစ်သည်။

လက်ရှိတွင် ရှင်းရှင်း ဆိုရလျှင် NUG သည် ဤအဆင့်တွင် လုပ်ငန်းတာဝန်များကို ကောင်းစွာ ပြင်ဆင် သို့မဟုတ် ကောင်းစွာ စီစဉ်စုဖွဲ့ထားသည်ဟု မည်သူမှ ပြောလိမ့်မည် မဟုတ်ပေ။ NUG သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ အစိုးရနေရာတွင် အစားဝင်ပေးသည့် ပေါ်ထွန်းစ အစိုးရတစ်ရပ် ဖြစ်ကာ အင်မတန် ခက်ခဲသော အခြေအနေများအောက်တွင် လုပ်ကိုင်နေရလျက် ရှိသည်။ NUG အစိုးရအဖွဲ့ဝင်များသည် မြန်မာပြည်တွင်း၊ ပြည်ပနှင့် ကုလသမဂ္ဂတို့တွင် အန္တရာယ်များသော အခြေအနေများအောက်တွင် လုပ်ကိုင်လည်ပတ်လျက် ရှိသည်။

သို့သော် NUG အစိုးရ၊ ယင်း၏ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားပေးတိုက်တွန်းသင့်ပြီး အကြောင်းမှာ NUG သည် မြန်မာနိုင်ငံ၏ ရှည်လျားပြီး မှောင်မိုက်သော ဥမင်လိုဏ်သဖွယ် အကျပ်အတည်းဒုက္ခ၏ အဆုံးတွင် ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် ရွေးပိုင်ခွင့်တစ်ခုကို ကမ်းလှမ်းပေး၍ ဖြစ်သည်။

နွေဦးတော်လှန်ရေးက ကောင်းစွာ ရှင်သန်ထမြောက်နေသည်ဟု တော်လှန်ရေးအဖွဲ့များနှင့် မျက်မှောက်ရေးရာ ပြောဟောသူတချို့ထံမှ အားတက်စရာ မက်ဆေ့ချ်များ ရှိလင့်ကစား ရိုးရိုးသားသား ပြောရလျှင် ယင်းသည် ရှည်လျားသော တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

မြန်မာ့ တော်လှန်ရေး တိုက်ခိုက်ရေးသမားများနှင့် ၎င်းတို့၏ နောက်ရှိ အများပြည်သူ ထောက်ပံ့ပေးသူများ၏ ရဲစွမ်းသတ္တိနှင့် ဇွဲနပဲကြီးမှုတို့ကြောင့်သာ နေပြည်တော်ရှိ အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ပုဂ္ဂိုလ်များကို အံ့အားသင့်စေခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။ မင်းအောင်လှိုင်အနေဖြင့်လည်း ယင်းကဲ့သို့သော ပြန်လည်တုံ့ပြန်မှုကြီးကို မျှော်လင့်တွက်ဆခဲ့မည်ပင် မဟုတ်ပေ။

ဆိုရလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် NUG နှင့် မည်သည့်အတွက်ကြောင့် ပိုမို ထိတွေ့ဆက်ဆံသင့်သလဲ ဆိုသည်အတွက် အဆိုပါ တုံ့ပြန်မှုကြီးက အကြောင်းရင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်စေရေးအတွက် အသက်မွေးဝမ်းကျောင်းများကို စွန့်ကာ သက်စွန့်ဆံဖျား ကြိုးပမ်းနေကြသည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို ကိုယ်စားပြုနေသူများ ဖြစ်နေ၍ ဖြစ်သည်။

ကံအားလျော်စွာပင် NUG နှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု တိုးလာနေသည့် သဘောတစ်ခု ရှိနေသည်။

ယင်းနှင့်ပတ်သက်ပြီး အရေးကြီးသော ဥပမာတစ်ခုက NUG ကို ကိုယ်စားပြုသော ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ဆက်ဆံပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂတွင် မိန့်ခွန်းတစ်ခု ပြောကြားရာတွင် ဦးကျော်မိုးထွန်းက COVID-19 ကပ်ရောဂါနှင့် တရားမဝင် စစ်အာဏာသိမ်းမှု၏ ရလဒ်ကြောင့် ၎င်း၏ နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ပြောဆိုသွားခဲ့သည်။ မြန်မာနိုင်ငံအတွက် UNDP နှင့် UNFPA တို့က ပရိုဂရမ်များ တစ်နှစ်သက်တမ်းတိုးမှုကို ၎င်းက ကြိုဆိုခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းသာ ဆက်ရှိနေစေရေးနှင့် စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံ ပယ်ချရေး ကုလထံ ပန်ကြားတောင်းဆိုချက်တစ်ရပ်တွင် ပြည်သူအများ ပါဝင်လက်မှတ်ထိုးကြရန် တောင်းဆိုသည့် ကမ်ပိန်းလည်း ရှိနေသည်။

မြန်မာနိုင်ငံ၏ အမှောင်မိုက်ဆုံး အခိုက်အတန့်အချိန်ကာလတွင် ရွှေမြန်မာပြည်၏ ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသူများ၏ နောက်တွင် ရပ်တည်ထောက်ခံရေးထက် ပိုမို အရေးတကြီး တိုက်တွန်းတောင်းဆိုမှုမျိုး မပေါ်ပေါက်ဖူးပါ။ ထို့ကြောင့် မြန်မာပြည်သူများအနေဖြင့်လည်း ယခုကမ်ပိန်းတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ဖို့လိုသည့်အကြောင်း နှိုးဆော်လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required