နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

September 2

မဇ္စျိမ။ ။ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ​နေပြည်​တော်အချုပ်​ထောင်အတွင်းရှိ အထူးတရားရုံးက ​ထောင်ဒဏ်သုံးနှစ်စီ ထပ်မံချမှတ်လိုက်​ကြောင်း တရားရုံးနှင့် နီးစပ်သူများက​ပြောသည်။

၎င်းတို့နှင့်အတူ ပူးတွဲစွဲဆိုခံထားရသည့် NLDအစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကိုလည်း ထောင်ဒဏ်သုံးနှစ် ကျခံ​စေရန် ဇမ္ဗူသီရိမြို့နယ်တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိချမှတ်နိုင်သည့် ပုဒ်မ ၁၃၀(က)ဖြင့် စွဲဆိုထားသည့် အဆိုပါအမှုကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်စစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ယခုအမှုကို အယူခံဆက်တက်မည်ဖြစ်​ကြောင်း တရားရုံး

နှင့်နီးစပ်သူတစ်ဦးက​ပြောသည်။

စွပ်စွဲခံရသူ သုံးဦးသည် ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးခဲ့သည်ဆိုသည့် တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၏ စွဲချက်နှင့် ပတ်သတ်ပြီး “အပြစ်မရှိကြောင်း “ စွပ်စွဲခံရသူ သုံးဦးစလုံးက ငြင်းဆိုခဲ့ကြသည်။

စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး တရားလိုဘက်က သက်သေအထင်အရှားပြသနိုင်ခြင်းမရှိသည့်အတွက် စွပ်စွဲခံရသူများကို အပြစ်မပေးသင့်ကြောင်း ၎င်းတို့၏ ရှေ့နေအဖွဲ့က ဩဂုတ်လ ၂၆ရက်နေ့ရုံးတွင် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး တစ်ပတ်အကြာတွင် အပြီးသတ်အမိန့်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးပုဒ်မ ၂၅ဖြင့်နှစ်မှု၊ ပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၅ဖြင့် ငါးမှု စသည့်အမှုများအတွက် ထောင်ဒဏ် ၁၇နှစ် ကျခံ​နေရသည်။ ထို့ကြောင့် လက်ရှိအမှုအပါအဝင် အမှု​ပေါင်း ၁၁မှုအတွက် ထောင်ဒဏ် စုစုပေါင်း အနှစ် ၂၀ အထိရှိလာပြီး အမှုပေါင်း ရှစ်မှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့်လည်း သဘာဝဘေးပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့အတွက် ထောင်ဒဏ် နှစ်နှစ်ကျခံ​နေရကာ ရဟတ်ယာဉ်ကိစ္စဖြင့်စွပ်စွဲထားသည့် အဂတိအမှုငါးမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထို့အပြင် အဂတိအမှုအပါအဝင် အမှုလေးမှုဖြင့် စွပ်စွဲခံထားရသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအနေဖြင့်လည်း လွန်ခဲ့သည့်ရက်ပိုင်း ဩဂုတ်လ ၃၁ရက်နေ့ကပင် အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသည်။

စွပ်စွဲခံရသူသုံးဦးထဲမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့မှာ နေပြည်တော်အချုပ်ထောင်အတွင်း ထိန်းသိမ်းခံထားရပြီး သမ္မတဦးဝင်းမြင့်မှာမူ ရုံးချိန်းများသို့ စစ်ကောင်စီ ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ လာရောက်လေ့ရှိသည်ဟု တရားရုံးနှင့် နီးစပ်သူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required