ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို စစ်ဆေးကြားနာမှုအား ရွှေ့ဆိုင်း 

ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို စစ်ဆေးကြားနာမှုအား ရွှေ့ဆိုင်း 
Photo - AFP

August 31

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထားသော ဂျပန်နိုင်ငံသားကို လာမည့် တရားရုံးကြားနာမှုအား စက်တင်ဘာ ၆ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ယင်းအရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က အင်္ဂါနေ့တွင် ပြောသည်။ 

ဖမ်းဆီးထားသော အဆိုပါ ဂျပန်နိုင်ငံသားကို စောစီးစွာ ပြန်လွှတ်ပေးရန် ဂျပန်နိုင်ငံက တောင်းဆိုသည့်ကြားမှပင် တရားစွဲဆိုခြင်းလည်း ဖြစ်သည်။ 

မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာကို ဩဂုတ် ၁၆ ရက်က စတင်တရားစွဲဆိုပြီးနောက်တွင် အင်္ဂါနေ့၌ တရားစစ်ဆေးကြားနာရန် အစောပိုင်းက စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းအား နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ 

မြန်မာအာဏာသိမ်းစစ်တပ်အနေဖြင့် ၎င်းအား အီလက်ထရောနစ်ဥပဒေ ချိုးဖောက်မှုဖြင့်လည်း တရားစွဲဆိုရန် စဉ်းစားလျက် ရှိသည်။ 

၎င်းသည် စစ်တပ်အား ဆန္ဒပြပွဲတစ်ရပ်ကို ဗီဒီယို ရိုက်ကူးချိန် ဇူလိုင် ၃၀ ရက်က ရန်ကုန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ကူဘိုတာအား ဖြစ်နိုင်သမျှ အမြန်လွှတ်ရန် အာဏာသိမ်းအုပ်စုအား ဂျပန်အစိုးရက တောင်းဆိုထားသော်လည်း သက်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်ဟု စစ်တပ်က အစောပိုင်း၌ ပြောထားသည်။ 

ကူဘိုတာသည် ပြီးခဲ့သည့်လက အိမ်နီးချင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်ခဲ့ပြီး ဆန္ဒပြပွဲအတွက် လူစုရုံးမှုအား သိရှိရန် ဆန္ဒပြသူများနှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly